၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် video clip ပြိုင်ပွဲအတွက် ဖိတ်ခေါ်ခြင်း

Thu, 05/09/2019 - 09:56 -- admin

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရ သည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် “Air Pollution” ဆောင်ပုဒ်ဖြင့် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။ လေထုညစ်ညမ်းမှုပမာဏ လျှော့ချနိုင်ရေးအတွက် နေ့စဉ်လူမှုဘဝတွင် မည်ကဲ့သို့ ပြောင်းလဲမှုများ ဆောင်ရွက်သင့်သည်ကို ကျွန်ုပ်တို့ ဆင်ခြင်သုံးသပ်ရန် ယခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှတစ်ဆင့် တိုက်တွန်းထားပါသည်။ လေထုညစ်ညမ်းမှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် မှန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုပမာဏကို လျှော့ချနိုင်မည့်အပြင် လူသားတို့၏ ကျန်းမာရေးအတွက်လည်း ကောင်းမွန်သော အကျိုးကျေးဇူးများရရှိစေမည် ဖြစ်ပါ သည်။

လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုများသည် သဘာဝအရ အချင်းချင်းချိတ်ဆက် ဖြစ်ပေါ်လျက်ရှိပြီး လေထုညစ်ညမ်းမှုပြဿနာရပ်များအပေါ် အရေးယူဆောင်ရွက်မှုများ ပြုလုပ် မည်ဆိုပါက သက်ရှိများနှင့် ပတ်ဝန်းကျင်အတွက် အကျိုးဖြစ်ထွန်းနိုင်ပါသည်။ လေထုညစ်ညမ်း စေသည့် ပစ္စည်းများကို လျှော့ချနိုင်မည်ဆိုပါကလည်း လာမည့်ဆယ်စုနှစ်များတွင် ကမ္ဘာကြီးပူနွေး လာမှုကို လျှော့ချနိုင်လိမ့်မည်ဖြစ်ပါသည်။

ယခုနှစ်ဆောင်ပုဒ်၏ တိုက်တွန်းနှိုးဆော်ချက်များကို ပြည်သူအများ သိရှိဆောင်ရွက်နိုင်ကြ စေရန်ရည်ရွယ်၍ “Clearing the Air, Combatting the Air Pollution” “ သန့်စင်သောလေ ရှုရှိုက်ဖို့၊ လေထုညစ်ညမ်းမှု တိုက်ဖျက်စို့” ခေါင်းစဉ်ဖြင့် မိမိတို့တင်ပြလိုသည့် အချက်အလက်များ ပါဝင်သော Video Clip ကို အောက်ဖော်ပြပါစည်းကမ်းချက်များနှင့်အညီ ရိုက်ကူးပေးပို့ယှဉ်ပြိုင် နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-

 (က)   Video Clip

၁။      မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။

၂။       ပြိုင်ပွဲဝင် video clip သည် ၃ မိနစ်မှ ၅ မိနစ်အတွင်း ရှိရမည်ဖြစ်ပြီး ဆောင်ပုဒ်နှင့် ကိုက်ညီရမည်။

၃။      ဗီဒီယိုဖိုင် (Video (.avi) format (သို့မဟုတ်) MP4 format) ပုံစံဖြင့် ပေးပို့ရမည်။

၄။      ဗီဒီယိုဖိုင်တွင် မြန်မာနောက်ခံစကားပြော/ အင်္ဂလိပ်စာတန်းထိုး (သို့မဟုတ်) အင်္ဂလိပ်နောက်ခံစကားပြော/ မြန်မာစာတန်းထိုးဖြင့် ပေးပို့ရမည်။

၅။      ပြိုင်ပွဲဝင် video clip များသည် ရုပ်သံလိုင်း၊ အွန်လိုင်းနှင့် အခြားတစ်နေရာရာမှ ကူးယူထားသော video clip များ မဖြစ်​​စေရဘဲ မိမိကိုယ်တိုင် တီထွင် ဖန်တီးရိုက်ကူးထားသော video clip များဖြစ်ရမည်။

၆။      ပြိုင်ပွဲဝင်များသည် သတ်မှတ်ထားသော ခေါင်းစဉ်အောက်မှ မိမိကြိုက်နှစ်သက်ရာ ပုံစံဖြင့် ခံစားပုံဖော်ရိုက်ကူး ယှဉ်ပြိုင်ရမည်ဖြစ်သည်။

၇။      ဆုရွေးချယ်ခံရခြင်းမရှိသော video clip များအား ပြန်လည်ပေးပို့မည်မဟုတ်ပါ။

၈။      ပြိုင်ပွဲဝင် video clip အား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ တရားဝင် အသုံးပြုခွင့်ပေးရပါမည်။

၉။      ပြိုင်ပွဲဝင်၏ video clip သည် ကိုယ်တိုင်ရိုက်ကူးပုံဖော်ထားကြောင်း ကာယကံရှင် လက်မှတ်ရေးထိုးထားသည့် ဝန်ခံကတိပြုချက်နှင့်  ကိုယ်ရေးအချက်အလက်အကျဉ်း တို့ကို video clip နှင့်အတူ ပေးပို့ရမည်ဖြစ်သည်။

        ပြိုင်ပွဲဝင် video clip များပေးပို့ရာတွင် (Soft-copy) တစ်စုံ၊ ပြိုင်ပွဲဝင်သူ၏ အမည်၊ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ကာလာဓာတ်ပုံ ၃ ပုံ (၁.၅'' x ၂''ဆိုဒ်)၊ ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်-၅၃၊ နေပြည်တော်၊ (တယ်လီဖုန်းအမှတ်၊ ၀၆၇-၄၃၁၃၂၉ ၊ ၀၆၇-၄၃၁၄၉၇၊ ဖက်စ်အမှတ် ၀၆၇-၄၃၁၃၂၉၊ အီးမေးလ် hr.env.ecd@gmail.com သို့ ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်(သောကြာနေ့) နောက်ဆုံး ထား၍ ဆက်သွယ်ပေးပို့နိုင်ပါသည်။ (သတ်မှတ်ရက် ကျော်လွန်ပြီး စည်းကမ်းချက်များနှင့် မပြည့်စုံ သော  video clip များအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။)

       ဆုရရှိသူများကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ထိုက်တန်စွာ ဆုချီးမြှင့်မည် ဖြစ်ပါသည်။

                                                                                                                                                                                     ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန