နိုင်ငံများအားလုံး ပူးပေါင်းတိုက်ဖျက်ရမည့် အကြမ်းဖက်ဝါဒ

Fri, 03/09/2018 - 14:09 -- admin

ကိုရင်ဩ
၂ဝ၁၇ ခုနှစ် ဩဂုတ်လနှောင်းပိုင်းက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ နောက်ဆုံးဖြစ်ပွားခဲ့ သော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်သည် ကမ္ဘာ့အခြားသော နေရာဒေသများအထိ၊ အထူးအားဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့အပေါ် ဂယက်ရိုက်ခတ်မှု ဖြစ်ပေါ်စေခဲ့သည်ဟု အစချီရေးသားထားသော ဆောင်းပါးတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရလေသော အခါ အနောက်တံခါးဘက်မှ မြည်ဟိန်းထွက်လာသော အသံဗလံများနှင့်ပတ်သက်၍ စေ့ငု လေ့လာမိလေ၏။
မငြိမ်းဖွယ်အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာရပုံကို ထောက်ပြထား
ဆောင်းပါးရှင်မှာ အိန္ဒိယသံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Ashok Sajjanhar ဖြစ်ပြီး၂ဝ၁၈ ခုနှစ် ဇန်နဝါရီ လထုတ် Defence and Security Alert အမည်ရှိစာစောင်တွင် ''Creative Tightrope Walk" ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားလေသည်။
၂ဝ၁၇ ခုနှစ် ဩဂုတ်၂၅ ရက်တွင်ARSA အဖွဲ့မှ စစ်သွေးကြွများက ရဲတပ်ဖွဲ့ စခန်းပေါင်း ၃ဝ ကို တိုက်ခိုက်ခဲ့ရာမှ အကျယ်အကျယ် မငြိမ်းဖွယ်အကျိုးသက် ရောက်မှုများ ဖြစ်ပေါ်လာရပုံကို စာရေးသူက ထောက်ပြထားလေသည်။
ARSA အဖွဲ့၏ ခေါင်းဆောင်မှာ အတ္တားအူလာ ဆိုသူဖြစ်ပြီး ပါကစ္စတန်ဇာတိ ဖွားဖြစ်ကာ ဆော်ဒီ အာရေဗျနိုင်ငံ၌ ကြီးပြင်း ခဲ့သည်ဆို၏။
ARSA အဖွဲ့သည် ၂ဝ၁၃ ခုနှစ်မှစ၍ အကြမ်းဖက်မှု လေ့ကျင့်ရေးသင်တန်းများကို ပေးလာခဲ့ သော် လည်း ၂ဝ၁၆ ခုနှစ် အောက်တိုဘာလရောက်မှသာ ပထမဆုံးသော အကြမ်းဖက် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့လေသည်။
အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့်အတူ လူ့အခွင့်အရေးဆိုင်ရာ စွပ်စွဲမှုများကို တွေ့ကြုံရသည်က မြန်မာ အစိုးရဖြစ်၏။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ နိုင်ငံ တကာ မီဒီယာများ၏ ရေးသားဖော်ပြချက်များမှာ သတင်းအတုအယောင် ရေခဲတောင်ကြီး၏ ထိပ်ဖျားပိုင်းလောက်ကိုသာ ဖော်ပြပေးနိုင်သည့် အနေအထားတွင်ရှိသည်ဟု ဝေဖန်ပြောကြား ခဲ့သည်ကိုလည်း စာရေးသူက ထောက်ပြထားပြန်သည်။
သတင်းအတုအယောင်တွေကြောင့် တင်းမာမှုတွေ ကျယ်ပြန့်
''အကြမ်းဖက်သမားတွေရဲ့ အကျိုးစီးပွား တွေကို မြှင့်တင်ပေးတဲ့ သတင်းအတု အယောင်တွေ ကြောင့် တင်းမာမှုတွေ ကျယ်ပြန့်သည်ထက် ကျယ်ပြန့်သွားခဲ့ရပါတယ်'' ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့လေသည်။
ရခိုင်ပြည်နယ်မှ အလုံးအရင်းအလိုက်စွန့်ခွာသွားခဲ့သူ များပြားရခြင်း၏အကြောင်း တရားများ ကို နိုင်ငံတကာမီဒီယာက လျစ်လျူရှုထားသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က စက်တင် ဘာ ၁၉ ရက်က ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဖော်ညွှန်းခဲ့ သည်ဆို၏။
တစ်စစကြီးထွားလာနေသော အကျပ်အတည်းဆိုက်မှုသည် အိန္ဒိယနိုင်ငံကို အကျပ်ရိုက်စေသည် ဟု ဆောင်းပါးရှင်က ရှုမြင်သည်။
ဝန်ကြီးချုပ် နရိန္ဒြာမိုဒီသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ မြန်မာ နိုင်ငံသို့ ရောက်ရှိခဲ့စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုနှင့်ပတ်သက်၍ မိုဒီက အားတက် သရော ချီးကျူးထောမနာပြု ခဲ့သေးသည်။ မြန်မာလုံခြုံရေးတပ်ဖွဲ့များအား ပစ်မှတ် ထားသော အကြမ်းဖက်တိုက်ခိုက်မှုများကို သူအပြည့်အဝ ဆန့်ကျင်သည်ဟုလည်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ရခိုင်ပြည်နယ်၌ လူမှုစီးပွားရေးအခြေအနေများ တိုးတက် ကောင်းမွန်လာ စေရေးအတွက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း အိန္ဒိယခေါင်းဆောင်က ဆိုမိန့်ခဲ့လေသည်။
မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ကြွယ်ဝတိုးတက်ရေးတို့ အတွက် အထူးပင်အရေးကြီးသော နိုင်ငံဖြစ်သည်။ အထူးအားဖြင့် ယင်း၏အရှေ့မြောက် ဘက်ရှိ နိုင်ငံများအတွက် အရေးကြီးလှပေသည်။ မြန်မာနိုင်ငံသည် အာဆီယံအသင်းနှင့် အိန္ဒိယတို့ စီးပွားရေးဆက်ဆံမှု မြှင့်တင်နိုင်ရေးနှင့် ချိတ်ဆက်မှုပြုလုပ်နိုင်ရေးတို့အတွက် အဓိကမိတ်ဖက် နိုင်ငံလည်း ဖြစ်လေသည်။
တစ်ပြိုင်နက်တည်းမှာပင် အိန္ဒိယနိုင်ငံအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန် ရေးမှာ မြန်မာနိုင်ငံနည်းတူပင် သာတူညီမျှ အရေးကြီးလှပေသည်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသည် ဒုက္ခသည် ပြဿနာကို အဆိုးရွားဆုံး တွေ့ကြုံရသည့် နိုင်ငံဖြစ်သည်ဟု ဆောင်းပါးရှင်က ထောက်ပြသည်။ ပြဿနာ စတင်ချိန်နောက်ပိုင်း ဒုက္ခသည် ၆ဝဝဝဝဝ ကျော်အထိ ယင်းနိုင်ငံက လက်ခံထားရသည် ဟု သတင်းများအဆိုအရ သိရသည်။
အလွန်အမင်းစိုးရိမ်ဖွယ်ရာ ကောင်းလှ
အိန္ဒိယနိုင်ငံအတွင်း၌မူ ဒုက္ခသည်ပြဿနာ နှင့်ပတ်သက်၍ သဘောထားအမြင်ကွဲလွဲမှု ကြီးထွား လာခဲ့သည်။ အိန္ဒိယနိုင်ငံသည် ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်း၌ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိစေကာမူ အာဖဂန်နစ္စတန်မှဖြစ်စေ၊ ဘင်္ဂလားဒေ့ရှ်မှဖြစ်စေ၊ မြန်မာမှဖြစ်စေ၊ သီရိလင်္ကာမှဖြစ်စေ၊ တိဘက်မှဖြစ်စေ၊ မည်သည့် နေရာမှမဟူရောက်ရှိလာသော ဒုက္ခသည် အားလုံးကို ကြိုဆိုသည့်အစဉ်အလာရှိခဲ့သည်။
သို့တစ်မူကား ပစ္စက္ခအနေအထားအရ ဒုက္ခသည်များအတွင်း ARSA အဖွဲ့၏ အဖွဲ့ ဝင်ဖြစ်နိုင်သူ များ ပါဝင်နိုင်သည်ဆိုသော အချက်မှာ အလွန်အမင်းစိုးရိမ်ဖွယ်ရာ ကောင်းလှသည်ဟု စာရေးသူ က ရှုမြင်လေသည်။ ARSA အဖွဲ့သည် အယ်လ်ခိုင်ဒါအဖွဲ့၊ အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေး အဖွဲ့၊ ဂျမားအတွတ်ဒါဝါအဖွဲ့၊ လက်ရှ်ခါအီးတိုင်ဘာအဖွဲ့ စသည့် အကြမ်းဖက်အဖွဲ့များနှင့် ချိတ်ဆက်မှုများ ရှိထားသည်ဟု ဆိုသည်။
ပါကစ္စတန်နိုင်ငံရှိISI ထောက်လှမ်းရေး အဖွဲ့သည် ဒုက္ခသည်များအတွင်းရှိ အကြမ်းဖက်သမား အင်အားစုများကို တက်တက်ကြွကြွ လေ့ကျင့်သင်တန်းပေးနေသည်ဟု သတင်းများတွင် ဖော်ပြ ထားကြောင်း ဆောင်းပါးရှင်က ထောက်ပြထားသည်။ ဤသို့ဆိုလျှင်ကား ယင်းအနေအထားက အိန္ဒိယနိုင်ငံအတွက် လုံခြုံရေးစိန်ခေါ်ချက် ကြီးကြီးမားမား ဖြစ်ပေါ် စေနိုင်သည်ကား အမှန်ပင် ဖြစ်လိမ့်မည်ဟု ဆိုသည်။
စွပ်စွဲပြစ်တင်ပြောဆိုမှုများကို ခါးခါးသီးသီး ပယ်ချခဲ့
အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသော ဒုက္ခသည် ၄ဝဝဝဝ ကို ဌာနေပြန်ပို့ရန် ရည်ရွယ်ခဲ့ရခြင်း မှာ အိန္ဒိယအစိုးရ ရင်ဆိုင် လာရသော ယင်းစိန်ခေါ်မှုအရ ဖြစ်သည်။ ရိုဟင်ဂျာဟု မိမိကိုယ်မိမိ ခေါ်တွင် နေကြသူများသည် အိန္ဒိယနိုင်ငံကို လုံခြုံရေးအရ အကြီးအကျယ် ခြိမ်းခြောက်နေ သည်ဟု အိန္ဒိယအစိုးရက တရားရုံးချုပ်ထံ စက်တင်ဘာ ၁၈ ရက်က အသိပေးအကြောင်းကြား ခဲ့သည်။ ဒုက္ခသည်နှစ်ဦး၏ လျှောက်ထားလွှာကိုတုံ့ပြန်လျက် ယင်းသို့ အသိပေး အကြောင်း ကြားခဲ့ ခြင်းဖြစ်သည်။ ဂျမူးရ်၊ ဒေလီ၊ ဟိုက်ဒရာဘတ်နှင့် မဲဝါးမြို့တို့၌ ယာယီအခြေစိုက် ခဲ့ကြသော ဒုက္ခသည်များအတွင်း စစ်သွေးကြွတက်ကြွ လှုပ်ရှားသူများကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
ယင်းဒုက္ခသည်များကို ဌာနေပြန်ပို့ရန် အိန္ဒိယအစိုးရက ဆုံးဖြတ်ခဲ့ခြင်းအတွက် ပြည်တွင်းရှိ အတိုက် အခံပါတီများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ဝေဖန်ပြစ်တင်ခဲ့ပုံကိုလည်း စာရေးသူက အလေးအနက်တင်ပြထားသည်ကို တွေ့ရလေသည်။ အိန္ဒိယအစိုးရကမူ စွပ်စွဲ ပြစ်တင်ပြောဆိုမှုများကို ခါးခါးသီးသီး ပယ်ချခဲ့သည်။
သဘောထားရပ်တည်ချက်ကို ပြောင်းလဲမည်ကားမဟုတ်
ရခိုင်ပြည်နယ်နှင့် ဆက်နွှယ်နေသော ပြဿနာအတွက် အဖြေမှာ ဘင်္ဂလားဒေ့ရှ် (သို့မဟုတ်) အိန္ဒိယ (သို့မဟုတ်) အခြားနိုင်ငံ တစ်နိုင်ငံအတွင်း၌ တည်ရှိသည် မဟုတ်မူ၍ မြန်မာနိုင်ငံ အတွင်း၌သာ တည်ရှိသည်ဟု ဆောင်းပါးရှင်က သုံးသပ်ထားသည်။ နိုင်ငံတကာ အသိုက် အဝန်းက ဒေါ်အောင်ဆန်း စုကြည်အား မည်သို့ဝေဖန်ကြစေကာမူ မြန်မာ နိုင်ငံအတွက် ယင်း၏ သဘောထားရပ်တည် ချက်ကို ပြောင်းလဲမည်ကားမဟုတ်ဟု စာရေး သူက ဆိုသည်။
မြန်မာနိုင်ငံ၏ လက်ရှိချဉ်းကပ်ပုံပြောင်းလဲ စေလိုလျှင် မြန်မာနိုင်ငံအား စည်းရုံးနားချနိုင် စေရေး အတွက် သံတမန်ရေးအရနှင့် ဆွေးနွေး မှုများအရတို့သာလျှင် လုပ်ဆောင်ရန်ရှိသည် ဟု ဆောင်းပါး ရှင်က ရှုမြင်လေသည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် သံတမန် ရေး နည်းလမ်းအရ ဆွေးနွေးမှုများကို အရေး တယူ တွန်းတွန်းတိုက်တိုက် ပြုလုပ်သွားရန် လိုအပ်လှသည်။ အိန္ဒိယနိုင်ငံသည် အထူး တလည် အရေးပါလှသော အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့နှင့် တွေ့ထိဆက်ဆံရာ တွင် တွေ့ကြုံနေရသော စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန်လည်း လိုအပ်ပေဦး မည်။ အိန္ဒိယ နိုင်ငံအဖို့ မြန်မာနှင့် သံတမန်ရေး ဆက်ဆံရာတွင် ကြိုးတန်းပေါ် လမ်းလျှောက်ရသလို အတိမ်းအစောင်းမခံနိုင်သည့် အခြေအနေကို ရောက်ရှိနေကြောင်း စာရေးသူက သုံးသပ်ထား လေသည်။
ARSA အရေး ရတက်မအေးဖွယ်
ဆောင်းပါးရှင် Ashok Sajjanhar ထောက်ပြထားသလိုပင် ARSA အဖွဲ့၏ အကြမ်းဖက်မှု လုပ်ရပ်များကြောင့် ရခိုင်ပြည်နယ်၏ အကျပ်အတည်းမှာ ပိုမိုဆိုးရွား လာသည်ဟု ကျွန်ုပ်ရှုမြင် မိလေသည်။
ပြီးခဲ့သည့် ဩဂုတ်၂၅ ရက်က မောင်တော ဒေသရှိ ရဲတပ်ဖွဲ့စခန်းပေါင်း ၃ဝ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်အပြီးမှစ၍ မြန်မာနိုင်ငံကို ကမ္ဘာက (အနောက်အုပ်စုက) အာရုံစိုက်လာ သည်ကား ထင်ရှားလှ ၏။
ARSA အဖွဲ့သည် ဒေသခံရွာသားများကို စည်းရုံးကာ အသုံးချနေသည်မှာ ထင်ရှားသော်လည်း အကြမ်းဖက်အဖွဲ့ဖြစ်သည့် အားလျော်စွာ သိုသိပ်လှသဖြင့် အထောက်အထားများ ပြသဖို့တော့ လောလောဆယ် ခဲယဉ်းနေဦးမည်ဟု ကျွန်ုပ်ယူဆမိ၏။
အကြမ်းဖက်အဖွဲ့၏ မဟာတာဝန်မှာ ဇာတ်နာအောင်ကပြရေးဖြစ်ပေရာ ဒုက္ခသည် များပြား လေလေ ကမ္ဘာကရင်ထုမနာ ဖြစ်လေလေဟု ဆိုရချိမ့်မည်။ ARSA အဖွဲ့၏ ပုလင်းတူဘူးဆို့ သဖွယ် ဝါဒဖြန့်ချိ သူများက မုသာဝါဒသတင်းများကို ဖြန့်ချိခဲ့လေရာ ဇာတ်မှာ ပို၍နာခဲ့ရလေ သည်။
အကြမ်းဖက်လုပ်ရပ်ကို ရည်မှန်းချက်ရှိရှိလုပ်ဆောင်နေ
အကြမ်းဖက်လုပ်ရပ်ကို ရည်မှန်းချက်ရှိရှိလုပ်ဆောင်နေပုံကို ထင်ရှားသည့် သာဓကအဖြစ် ယင်းအဖွဲ့က တူးထားသောဥမင်လိုဏ် ခေါင်းများကို မောင်တော၊ အငူမော်ကားလမ်း၏ အောက်ခြမ်းနားတွင် ရှာဖွေတွေ့ရှိခဲ့သည်။ နောက်ဆုံး နိုဝင်ဘာ ၁၃ ရက်က ဖော်ထုတ် တွေ့ရှိရသော ဥမင်လိုဏ်ခေါင်းမှာ ကျောက်ပန္တုအမည်ရှိ ဟိန္ဒူရွာနှင့် တည့်တည့်ခန့် တောင်ကြောပေါ်တွင် ရှိသည်။ ယင်းဥမင်များ အားလုံးသည် အငူမော်ဆိပ်ကမ်းနှင့် ပိုနီးသော နေရာတွင်ဖြစ်သည်။ လူသူ၊ လက်နက်၊ ရိက္ခာ စုဆောင်းရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ နောက်ဆုံး သတင်းများအရ ဒီဇင်ဘာ ၆ ရက်က ကျောက်ပန္တု (စေတီရွာ)အနီး လက်လုပ် မိုင်း ပြုလုပ်ရာတွင် အသုံးပြုနိုင်သော ကားပစ်စတင် ၉၇ လုံး ရှာဖွေတွေ့ရှိခဲ့ ရသည်။
ဘူးသီးတောင်-မောင်တောကားလမ်းကို လူအင်အား၊ လက်နက်အင်အားရှိလျှင် ပိတ်ဆို့နိုင် လောက်ပြီး အငူမော်ဘက်ခြမ်းကိုပါ ပိတ်ဆို့မည်ဆိုပါက မောင်တောသည် အခိုက်အတန့် အားဖြင့် ဖိလစ်ပိုင် နိုင်ငံရှိ မာရာဝီမြို့ကဲ့သို့ ဖြစ်သွားနိုင်သည်ဟု လုံခြုံရေးကျွမ်းကျင်သူများက သုံးသပ်ထားသည်။ မောင်တော၏ ပထဝီ ဝင်အနေအထားကို စစ်ရေးအမြင်ဖြင့် ကြည့်ကာ ကြိုတင်တားဆီးကာကွယ်မှု ပြုလုပ်လျက်ရှိသည်ဟု ကျွန်ုပ်လေ့လာ တွေ့ရှိရသည်။
ဒုက္ခသည် ဇာတ်ထုပ်ကြီးအပေါ်မှနေ၍ အသုံးချနိုင်သေး
ARSA အဖွဲ့၏အင်အားမှာ ၆၂ဝဝ ကျော်မှ ၁ဝဝဝဝ ခန့်အထိ ရှိနိုင်ကြောင်း တပ်မတော် စုံစမ်း စစ်ဆေးရေးအဖွဲ့၏အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားပေရာ မည်သို့မျှ လျှော့တွက်ခြင်းငှာ မဖြစ်သင့် သော အင်အားအထိ စုစည်းထားနိုင်ပြီဟု အခိုင်အမာ ထောက်ချင့်သိရှိနိုင်သည်။
ARSA အဖွဲ့သည် လတ်တလောတွင် စစ်ရေးလှုပ်ရှားမှု ထပ်မံပြုလုပ်ဖွယ် မရှိဟု ယူဆရသည်။ လူပေါင်း ၆ဝဝဝဝဝ ကျော်အထိ ထွက်ပြေးခဲ့ရသော ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော စွပ်စွဲချက်များကို အသုံးချကာ နိုင်ငံရေးတိုက်ကွက် ထိရောက်မှုရှိနေခြင်းကို ယင်းအဖွဲ့က အရှိန် အဟုန်တစ်ရပ်အဖြစ် ဆက်လက်ထိန်းနေဦးမည့်သဘောကို တွေ့မြင်ရ သည်။
မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဟူဘိသို့ပင် ရှင်း၍မပြီးဆုံးနိုင်သော ဒုက္ခသည် ဇာတ်ထုပ်ကြီး အပေါ်မှနေ၍ ယင်းအဖွဲ့က အသုံးချနိုင်သေးသည်။
တစ်ဖက်သတ် မဝေဖန်ကြဘဲ လုပ်ဆောင်ကြဖို့ လိုအပ်
ပြဿနာကြီးထွားနေချိန်တွင် မိမိ၏ကိုယ်ကျိုးစီးပွားအလို့ငှာ ရေနစ်သူကို ဝါးကူထိုးခြင်း မရှိကြဖို့ လိုအပ်ပုံကို ကမ္ဘာ့နိုင်ငံများ အလေးထားသင့်ပေသည်။နိုင်ငံတကာဆက်ဆံရေး အနေ အထားများအပေါ် မီးစင်ကြည့်ကကာ ကျယ်ကျယ်လောင်လောင် ဝေဖန်နေမှုများကိုလည်း ကျွန်ုပ်တို့ ကြားသိ နေရဆဲဖြစ်သည်။
မိမိနိုင်ငံ၏ အကျိုးစီးပွားများကို ရှေ့တန်းမတင်ဘဲ လူ့အခွင့်အရေးရှုထောင့် တစ်ခုတည်းမှ ကြည့်၍ တစ်ဖက်သတ် မဝေဖန်ကြဘဲ လုပ်ဆောင်ကြဖို့ လိုအပ်ပေမည်။
မတရားခိုးဝင် ပြောင်းရွှေ့နေထိုင်မှု ပြဿနာနှင့် အစ္စလမ်စစ်သွေးကြွဝါဒတို့မှာ ပြဿနာ၏ ပင်မ ရေ သောက်မြစ်များတွင် ပါဝင်နေသည်။ နိုင်ငံတကာ၏ တုံ့ပြန်မှုများမှ တစ်ဆင့် မိမိတို့ရည်မှန်း ထားသော အကွက်ထဲသို့ ဝင်လာအောင် ဆွပေးရန် ရည်မှန်းချက်ဖြင့် ARSA အဖွဲ့က လုပ်ဆောင်ခဲ့သည်မှာကား ထင်ရှားလှပေသည်။
နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို ARSA အဖွဲ့က ရရှိခဲ့ပြီး ဆော်ဒီအာရေဗျနှင့် အာရပ် စော်ဘွား များ ပြည်ထောင်စုတို့ထံမှ ငွေကြေးအထောက်အပံ့များ ယင်းအဖွဲ့ ရရှိလာသည်။ ခံပြင်းဒေါသ ထွက်နေသော လူငယ်လူသစ်များကို အသုံးချကာ အဖွဲ့ဝင်အင်အားတိုးချဲ့နိုင်ခြင်းမှာလည်း ယင်း အဖွဲ့၏ ဗျူဟာတစ်ရပ် ဖြစ်ပေလိမ့်မည်။
ARSA ခေါင်းဆောင်များနှင့် အစွန်းရောက် အုပ်စုများ ဆက်စပ်မှုသည် ဒေသတွင်း၌ စစ်သွေး ကြွများ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားလာမည့် လက္ခဏာကို ပြသနေသည်ဟု အကဲခတ်များက ဆိုကြသည်။
ARSA အဖွဲ့၏ခေါင်းဆောင်မှာ ရခိုင်ပြည်နယ်မှ မဟုတ်မူ၍ ပြည်ပအခြေစိုက်ကာ လှုပ်ရှား နေသူ ဖြစ်သဖြင့် နိုင်ငံတကာ အကြမ်းဖက်မှု ကွန်ရက်များနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။
စစ်သွေးကြွများ အင်အားကောင်းလာလျှင် ဒေသတွင်း၌ စစ်သွေးကြွလှုပ်ရှားမှုများ အားကောင်း လာကာ အလွန်ဆိုးသည့် အကျိုးသက်ရောက်မှုများကို တွေ့လာရမည်ကား မလွဲပါချေ။ ဤတွင် ဖိလစ်ပိုင်ရှိ မာရာဝီ မြို့ဖြစ်စဉ်ကို ကျွန်ုပ်တို့ အလေးအနက်ထားကာ သင်ခန်းစာ ယူသင့်လှပေ သည်။
အိမ်နီးချင်းနိုင်ငံများအနေဖြင့် အရေးကြီး သွေးနီးရမည်ဟူဘိသို့
မြန်မာ၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် အရေးကြီးသွေးနီးရမည်ဟူဘိသို့ပင် အကြမ်း ဖက်မှု တည်းဟူသော အမိုက်ဇာတ်ကို စစ်သွေးကြွတို့ ဆက်လက်မကနိုင်စေရန် ပူးပေါင်း ဆောင်ရွက် သင့်လှသည်။ အိမ်နီးချင်းကောင်း ဆက်ဆံရေးအမြင်ဖြင့် ဒေသဆိုင်ရာ လုံခြုံရေး ပြဿနာ တစ်ရပ်အဖြစ် သိမ်သိမ် မွေ့မွေ့ ကိုင်တွယ်ဆောင်ရွက်သင့်ကြသည်။
ဒေသတွင်း၌ အကြမ်းဖက်သမားများ၏ အခြေစိုက်စခန်းသစ် ပေါ်ပေါက်မလာရေး အတွက် မိမိတို့က အတွေ့အကြုံ ဗဟုသုတများကို မျှဝေကူညီသွားမည်ဟူသော အင်ဒိုနီးရှား လုံခြုံရေး၊ တရားဥပဒေနှင့် နိုင်ငံရေးရာဝန်ကြီး ဝီရန်တိုက မကြာသေးမီက ပြောကြားခဲ့သည့် သတင်း တစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှု ရသည့်အခါ ဒေသငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် ရောင်ခြည် တစ်ခုအဖြစ် ရှုမြင်မိ၏။ အကြမ်းဖက်ဝါဒကို တစ်နိုင်ငံတည်းက တိုက်ဖျက်ရန်မဖြစ်နိုင်၊ အကြမ်းဖက်ဝါဒသည် နယ်နိမိတ်အပိုင်း အခြားမရှိ၊ မည်သည့်လုပ်ထုံးလုပ်နည်း စည်းကမ်းမျှ မရှိသဖြင့် နိုင်ငံများပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည်ဆိုသော ဝီရန်တို၏ ပြောကြားချက်ကို ကြားယောင်မိရင်း ''တစ်ပွဲတစ်လမ်း အကဲစမ်း ARSA ခြေလှမ်း'' ဟု ကျွန်ုပ်ကျူးရင့်မိပါ သတည်း။ ။