နှုတ်ခမ်းကွဲအာခေါင်ကွဲ ဝေဒနာရှင်မြန်မာကလေး ငယ်များခွဲစိတ်ကုသရန် ပီတီတီအီးပီ က အမေရိကန်ဒေါ်လာ တစ်သိန်းလှူဒါန်း

ရန်ကုန် မေ ၁၄

ထိုင်းနိုင်ငံအခြေစိုက် ရေနံရှာဖွေရေးနှင့် တူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက် ပီတီတီအီးပီက မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ခဲ့သည့် နှစ် ၃၀ ပြည့်အထိမ်းအမှတ် အနေဖြင့် နှုတ်ခမ်းကွဲအာခေါင်ကွဲ ဝေဒနာရှင် မြန်မာကလေးငယ် ၁၀၀ အားခွဲစိတ် ကုသရန်အတွက် ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲနွမ်းပါးသော နှုတ်ခမ်းကွဲအာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ်များနှင့် အရွယ်ရောက်ပြီးသူများအားအခမဲ့ ခွဲစိတ်မှုများ ဆောင် ရွက်နေသည့် Alliance for Smiles အဖွဲ့အစည်းကို အမေရိကန်ဒေါ်လာ တစ်သိန်းထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကိုယနေ့နံနက် ၁ဝနာရီ ကရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ပီတီတီအီးပီ မြန်မာ့စီမံကိန်းအထွေထွေမန်နေဂျာ Mr. PiyaSukhumpanumet က အဖွင့်အမှာ စကားပြောကြားပြီး Alliance for Smiles ၏ စီမံကိ်န်းဒါရိုက်တာ Ms.TinaFischlin ကကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ပီတီတီအီးပီ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသောလူမှု အကျိုးပြု လုပ်ငန်းများနှင့် Alliance for Smiles ၏ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များဗွီဒီယိုဖိုင် ကို ရှင်းလင်းပြသသည်။

ပီတီတီအီးပီ မြန်မာ့စီမံကိန်းအထွေထွေမန်နေဂျာ Mr. PiyaSukhumpanumet က “အခုလိုပူးပေါင်း ဆောင်ရွက်မှုက နေရရှိလာတဲ့ အကျိုးကျေးဇူးက ကောင်းမွန်တဲ့ အကျိုးသက်ရောက် မှုတွေ ရရှိစေမှာပါ။ မြန်မာကလေးငယ်တွေကို ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ယူဆောင်လာဖို့ အတွက်စစ်မှန်တဲ့ ပေါင်းစည်းမှု တစ်ခုလို့လည်း ကျွန်တော်ယုံကြည်ပါတယ်” ဟုပြောသည်။

ယင်းနောက် ပီတီတီအီးပီ မြန်မာ့စီမံကိန်းနှင့် Alliance for Smiles မှ တာဝန်ရှိ သူ များကထောက်ပံ့မှု စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာများကို အပြန်အလှန် လက်မှတ်ရေးထိုး ကြသည်။

Alliance for Smiles ၏ စီမံကိ်န်းအဖွဲ့ဒါရိုက်တာMs.TinaFischlin က “ ဒီနေ့လှူဒါန်းမှု က နှုတ်ခမ်းကွဲ အာခေါင်ကွဲနဲ့ မွေးဖွားလာတဲ့ ကလေးတွေရဲ့ ဘဝများစွာကို ပြောင်းလဲပေးနိုင်ရုံသာမကပဲ သူတို့လေးတွေရဲ့ မိသားစု ၊ ရပ်ရွာတွေနဲ့ နိုင်ငံကိုပါ အကျိုးသက်ရောက်စေမှာပါ’’ ဟုပြောသည်။

ပီတီတီအီးပီ မြန်မာ့စီမံကိန်းအနေဖြင့် ကျေးရွာများတွင် အခြေခံအဆောက်အအုံ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ထောက်ပံံ့ပေးခြင်း များနှင့် ဆင်းရဲချို့တဲ့သည့် ကျောင်းသားကျောင်းသူများအားပညာ သင်ဆုများပေးအပ်ခြင်းစသည့် အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု ယနေ့ ကျင်းပသည့် အခမ်းအနားမှ သိရသည်။

သတင်း-မွန်းဦးနဒီ

ဓာတ်ပုံ-ရဲထွဋ်