နှစ်(၇၀) ပြည့် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန် ၁၆

နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဗဟို ကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာ စကားပြောကြားသည်။

အခမ်းအနားတွင် ဒုတိယသမ္မတက လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို မမေ့မလျော့စေရန်နှင့် နောင်လာ နောက်သားများ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ အာဇာနည်နေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပနေခြင်းဖြစ်ပါကြောင်း၊ နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ဇွန်လ ၁၂ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် ၄၉/၂၀၁၇ ဖြင့်ဖွဲ့စည်းထားပါကြောင်း၊ လုပ်ငန်း တာဝန်များအတွက် ဆပ်ကော်မတီများ ထပ်မံဖွဲ့စည်း၍ အခမ်းအနား အောင်မြင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ရာ၌ အထူးအလေးထားပြီး စနစ်တကျ တာဝန်ယူ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးဖခင်ကြီးနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးသည့် အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူလူထုတစ်ရပ်လုံး ပိုမိုသိရှိအောင် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ အာဇာနည်နေ့နှင့် ပတ်သက်သည့် သတင်းဆောင်းပါးများ၊ တွေ့ဆုံမေးမြန်းခန်းများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ အာဇာနည်နေ့နှင့် သက်ဆိုင်သည့် သီချင်းများ၊ လွတ်လပ်ရေး ကြိုးပမ်းခဲ့သည့် မှတ်တမ်းများ၊ ရုပ်ရှင်ထုတ်လွှင့်ခြင်းများ ဆောင်ရွက်သွားမှသာ နောင်လာ နောက်သားများ အနေဖြင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ အသက်ပေး ဆောင်ရွက်သွားသည်များကိုသိရှိပြီး လွတ်လပ်ရေးကို အသက်ပေးစောင့်ရှောက်ကြမည် ဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် ကိုလည်း ကြည့်ရှုလေ့လာ၍ စံနမူနာယူနိုင်ရန် ဖွင့်လှစ်ပြသသွားရမည်ဖြစ်ပါကြောင်း၊ နှစ်(၇၀) ပြည့် အာဇာနည်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အနှစ်သာရပြည့်ဝစွာ ကျင်းပ နိုင်ရေးအတွက် ဘက်ပေါင်းစုံရှုထောင့်ပေါင်းစုံမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။

ယင်းနောက် နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီဖွဲ့စည်း ထားမှုများကို လည်ကောင်း၊ အခမ်းအနားကျင်းပရေးဗဟိုကော်မတီ အတွင်းရေးမှူး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က နှစ်(၇၀)ပြည့် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြ သည်။

ထို့နောက် နှစ်(၇၀)ပြည့်အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဝင်များ ဖြစ်ကြ သော ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် ဗိုလ်ချုပ်အောင်စိုး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဦးစိုးရယ်၊ အမြဲတမ်းအတွင်းဝန်များ၊ ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ခေတ္တအမြဲတမ်းတွင်းဝန် ဦးထွန်းအုံ၊ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ က သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နှစ်(၇၀)ပြည့်အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

Ref; Myanmar President Office