၂၀၁၇ခုနှစ်နှစ်(၇၀)ပြည့်အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီနာယက ဒုတိယသမ္မတဦးမြင့်ဆွေ အာဇာနည်နေ့အခမ်းအနားကျင်းပရန်ကြိုတင်ပြင်ဆင်ထားရှိမှုများကိုကြည့်ရှုစစ်ဆေး

ရန်ကုန်-ဇွန်၂၅
၂၀၁၇နှစ်နှစ်(၇၀)ပြည့်အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဗဟိုကော်မတီနာယက ဒုတိယ သမ္မတဦးမြင့်ဆွေသည် ယနေ့နံနက်၉နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်သို့ ရောက်ရှိပြီးနှစ်(၇၀)ပြည့်အာဇာနည်နေ့ အခမ်းအနားကျင်းပရန်ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု တို့ကိုကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတအား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး၊ အခမ်းအနား ကျင်းပရေးဗဟိုကော်မတီအတွင်းရေးမှူး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့်တိုင်းဒေသကြီး ဝန်ကြီးများ၊ကော်မတီဝင်များက အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ဗိမာန်အတွင်းအာဇာနည် ခေါင်းဆောင်ကြီးများ၏မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဖြစ်ရပ်များကို Graphic Board များဖြင့် ပြသရန်စီစဉ်ထားရှိမှု၊ အာဇာနည်ဗိမာန် အဆင်းလှေကားကို တိုးချဲ့ပြင်ဆင်မွမ်းမံထားရှိမှုနှင့် အာဇာနည်ဗိမာန် ပရိဝုဏ်အတွင်း ကြိုတင်ပြင်ဆင်ထားရှိမှုများကို လှည့်လည်ကြည့်ရှုပြီး လိုအပ် သည်များကို မှာကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ရောက်ရှိပြီး နှစ်(၇၀)ပြည့်အာဇာ နည်နေ့အခမ်းအနားအတွက် ပြုပြင်မွမ်းမံဆောင်ရွက်ထားရှိမှုနှင့် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဆီလီကွန်ရုပ်တုပြသထားရှိမှု၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးဓာတ်ပုံများ၊ အသုံးအဆောင်ပစ္စည်းများပြသရန် စီစဉ်ဆောင်ရွက်ထားရှိမှုတို့ ကိုကြည့်ရှုစစ်ဆေး သည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်များရုံး)သို့ သွားရောက်ပြီး လွတ်လပ်ရေးရသည့်နေ့တွင် ယူနီယံဂျက်အလံကို ဖြုတ်ချ၍ မြန်မာနိုင်ငံတော်အလံကိုပြန် လည်လွှင့်တင်သည့် အလံတိုင်နေရာ၊ အာဇာနည်ခေါင်းဆောင် ကြီးများ၏ သမိုင်းဝင်မော်ကွန်း ကျောက်စာတိုင်နှင့်အဆိုပါ ကျောက်စာတိုင်ရှေ့ မြက်ခင်းပြင်၌  နှစ်(၇၀)ပြည့်အာဇာနည်နေ့တွင်ဝမ်းနည်း ခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို တိုင်ဝက်သို့ လွှင့်ထူမည့်အစီ အစဉ်၊ တိုင်းပြု ပြည်ပြုလွှတ်တော်ကျင်းပရာနေရာ၊ ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များကျဆုံးရာ အစည်းအဝေးခန်းမ ပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ် ဆေးသည်။ 
(သတင်းစဉ်)