လားရှိုး၌ ဒဏ်ရာရထိခိုက်၊ သေဆုံး၊ အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့် များ လူမှုဖူလုံရေး ဥပဒေနှင့် အညီ ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ

လားရှိုး မတ် ၂၆
လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုး ခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် လားရှိုးမြို့၊ ရိုးမဘဏ်(၁)ဗုံးပေါက်ကွဲမှု၌ ထိခိုက် ဒဏ်ရာရ သေဆုံးသည့် အာမခံ အလုပ်သမား ဒေါ်စန္ဒာထွန်းနှင့် ဒေါ်မော်မော်တို့နှစ်ဦးအတွက် ကျန်ရစ်သူ မိသားစု အကျိုးခံစားခွင့် ငွေကျပ် (၈,၁၀၀,၀၀၀) ကို လည်းကောင်း၊ မူဆယ်မြို့၊ မြို့နယ် လူမှုဖူလုံရေးရုံး အတွက် အလုပ်ခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိသည့် အာမခံ အလုပ်သမား ဦးလှမင်းအတွက် မမြဲတမ်း မသန်စွမ်းမှု အကျိုး ခံစားခွင့်ငွေကျပ် (၄,၂၃၃,၆၀၀)ကို လည်းကောင်း၊ အာမခံ အလုပ်သမား တစ်ဦးအတွက် ဆေးဖိုးပြန်အမ်းငွေကျပ် (၁,၃၈၂,၇၀၀)နှင့် အာမခံအလုပ်သမားတစ်ဦး မီးဖွားမှုအတွက် အကျိုးခံစားခွင့်ငွေကျပ် (၇၄၀၄၆၆)တို့ကို ခွင့်ပြုထုတ်ပေး ခဲ့ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကျန်ရစ်မိသားစုများထံသို့ ပေးအပ်ခဲ့သည်။ အကျိုးခံစားခွင့် ရရှိသူများကိုယ်စား သေဆုံးသူ အာမခံ အလုပ်သမား ဒေါ်စန္ဒာထွန်း၏ ခင်ပွန်း ရိုးမဘဏ်မန်နေဂျာ ဦးစိုင်းအောင်ပွင့်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်း၊ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ လူမှုဖူလုံရေးအဖွဲ့မှ လားရှိုးခရိုင်တာဝန်ခံ အရာရှိနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လားရှိုးနှင့် မူဆယ်မြို့မှ လူမှုဖူလုံရေး ရုံးခွဲတာဝန်ခံများ၊ လားရှိုးမြို့နယ်ရှိ အလုပ်သမား ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားများနှင့် မီဒီယာများ တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။
ဟန်ဌေး(လားရှိး)