ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်း အဝေး (၁၉)ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် မတ် ၂၆

 

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့ ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က တင်ပြသည့် ဒုတိယသမ္မတ နှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံခြင်း ရှိ၊ မရှိ စိစစ်ရေး အဖွဲ့၏ စိစစ်တွေ့ရှိချက်ကို လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

 

 

ထိုသို့ ဖတ်ကြားတင်ပြရာတွင် လစ်လပ်လျက်ရှိသည့် နိုင်ငံတော်သမ္မတ ရာထူးနေရာ အတွက် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဦးဝင်းမြင့်၊ တာမွေ မဲဆန္ဒနယ်အား ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံမှ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပြည်သူ့လွှတ်တော်၏ ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်စွဲပါစာဖြင့် ပေးပို့တင်ပြခဲ့ပါကြောင်း။

 

 

အဆိုပါ ဒုတိယသမ္မတအား နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ် နိုင်ရန်အတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌ များ၊ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ဒေါ်ခင်စန်းလှိုင်(ပုလဲမဲဆန္ဒ နယ်)၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ဦးအောင်ကြည်ညွန့် (မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဗိုလ်ချုပ်သန်းစိုးတို့ ပါဝင်သည့် စိစစ်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်ရုံး၏ ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက် အမိန့်ကြော်ငြာစာအမှတ်(၂၂/၂၀၁၈)နှင့် ထုတ်ပြန်ဖွဲ့စည်းခဲ့ပါ ကြောင်း။

 

 

အဆိုပါ နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရေးအဖွဲ့ အစည်း အဝေးကို ယနေ့ ၂၀၁၈ ခုနှစ် မတ်လ ၂၆ ရက် နံနက် ၉ နာရီတွင် ပြည်ထောင်စုလွှတ်တော် နာယက နားနေခန်းတွင် ပြုလုပ်ခဲ့ပါကြောင်း၊ စိစစ်တွေ့ရှိမှုများအရ ရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်ထားသည့် ဦးဝင်းမြင့် (တာမွေ မဲဆန္ဒနယ်)သည် နိုင်ငံတော်သမ္မတ အရည်အချင်းများနှင့် ပြည့်စုံမှုရှိသည့်အတွက် အတည်ပြု ကြောင်း ကြေညာသည်။

 

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ရွေးချယ်တင်မြှောက်ပေးသည့် ဒုတိယသမ္မတ တစ်ဦးကို စိစစ်အတည်ပြုပြီး ဖြစ် သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၃ ပုဒ်မခွဲ(ဃ)၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ များ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၄၇ နည်းဥပဒေခွဲ(ခ) တို့အရ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံး ပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ က ဒုတိယသမ္မတ သုံးဦးအနက်မှ မိမိတို့ကြိုက်နှစ်သက်သော ပုဂ္ဂိုလ်ကို နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခြင်းကို ဆက်လက်ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း။

 

 

ထို့ကြောင့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီအချိန်တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၃၄ နှင့်အညီ ကြေညာသည်။

ထို့နောက် လွှတ်တော် နှစ်ရပ် သဘောကွဲလွဲသော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ တစ်ပိုဒ် ချင်းစီအလိုက် လွှတ်တော်၏ အတည်ပြုချက်ရယူပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက အသိပေးကြေညာသည်။

 

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန မဟာမဲခေါင် ဒေသအတွင်းရှိ လမ်းမကြီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အာဆီယံအခြေခံအဆောက်အအုံ ရန်ပုံငွေတို့ထံမှ အမေရိကန်ဒေါ်လာသန်း ၃၆၀ ချေးယူရန်ကိစ္စ နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်များအပေါ် ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ ချေးငွေရယူ ဆောင်ရွက်မည့်လမ်း စီမံကိန်း ၃ ခုအနက် ရန်ကုန် - ပုသိမ်လမ်းသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်(MIC) ခွင့်ပြုချက်အရ Oreintal Highway ကုမ္ပဏီမှ BOT စနစ်ဖြင့် ဆောင်ရွက် လျက်ရှိသော လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းအား လမ်းအဆင့် မြှင့်တင်ဆောင်ရွက်ရန် အတွက် BOT လုပ်ပိုင်ခွင့်ပေးထားသည့် Oreintal Highway ကုမ္ပဏီထံမှ လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြန်လည်လွှဲပြောင်းရယူပြီး Step in/ Step Out Method ဖြင့် ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုလည်း ညှိနှိုင်းထားပြီး သဘောတူညီချက် များကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

 

ADB ချေးငွေ ရယူဆောင်ရွက်မည့် နောက်တစ်လမ်းမှာ ရန်ကုန် - မန္တလေး အမြန်လမ်း၊ ရန်ကုန်မှ ဘောနက်ကြီးအပိုင်း မိုင် ၄၀ အရှည်သည် နောင်တစ်ချိန် ဖြစ်ပေါ်လာမည့် အပြည်ပြည်ဆိုင်ရာ ဟံသာဝတီလေဆိပ်နှင့် ဆက်စပ်အကောင်အထည်ဖော်ရန် လျာထားဆောင်ရွက် လျက်ရှိသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ Yangon Inner Ring Road မှတစ်ဆင့် ရန်ကုန် - မန္တလေး အမြန်လမ်းကို ဆက်စပ်အသုံးပြုခြင်းဖြင့် ရန်ကုန်မြို့လယ်မှ အချိန်တိုအတွင်း အပြည်ပြည်ဆိုင်ရာ ဟံသာဝတီလေဆိပ်သို့ ဆက်သွယ်သွားလာနိုင်ရန် စီမံဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း၊ Yangon Inner Ring Road ဆောင်ရွက်ခြင်းဖြင့် ရန်ကုန်မြို့ ယာဉ်ကြော ကြပ်တည်းမှုကို ပြေလည်စေမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်းမှ ရန်ကုန် - မန္တလေး အမြန်လမ်းရှိ ၁၅ မိုင်မှတစ်ဆင့် ဟံသာဝတီလေဆိပ်အထိ ခရီးသွားလာချိန် တစ်နာရီအတွင်း ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း။

 

 

ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ရန်ကုန်မြို့၏ မြောက်ဘက်သို့ တိုးချဲ့ရန် လျာထားခြင်း၊ ရန်ကုန် - မန္တလေး အမြန်လမ်း၏ ရန်ကုန် - ဘောနက်ကြီး လမ်းအပိုင်းတစ်ဝိုက်တွင် ကိုရီးယားနိုင်ငံမှ စက်မှုဇုန်များနှင့် Green City ထူထောင်ရန် စီမံကိန်းများ လျာထားခြင်း၊ ရန်ကုန် - ဘောနက်ကြီး အမြန်လမ်းပိုင်းမှတစ်ဆင့် သထုံ - ဘားအံ - မြဝတီ သို့ ဆက်သွယ်နိုင် မည်ဖြစ်ခြင်း စသည့်အချက်များကြောင့် ရန်ကုန်မှ ဘောနက်ကြီး လမ်းပိုင်းသည် အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းမကြီး၏ အစိတ်အပိုင်း တစ်ခု မလွဲမသွေဖြစ်လာနိုင်သည့်အတွက် ရန်ကုန် - ဘောနက်ကြီး လမ်းအပိုင်း မိုင် ၄၀ ကို နိုင်ငံတော်မှ Concession ရာနှုန်းပြည့်ပိုင်ဆိုင်ထားရန် လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ADB ချေးငွေနှင့် ယခုလမ်းအပိုင်းကို လမ်းအဆင့် မြှင့်တင်ရန်အတွက် တင်ပြရခြင်း ဖြစ်ပါကြောင်း။

 

 

ADB ချေးငွေ ရယူဆောင်ရွက်မည့် ပဲခူး - သန်လျင်လမ်းသည် အရှေ့အနောက် စီးပွား ရေးစင်္ကြံလမ်းမကြီး၏ ဆက်စပ်နေသော အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး ပဲခူးမှတစ်ဆင့် သီလဝါ စက်မှုဇုန်သို့ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရန်၊ သီလဝါစက်မှုဇုန်နှင့် မဟာမဲခေါင်ဒေသတွင်း နိုင်ငံ များအကြား ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများကို အထောက်အကူပြုလာနိုင်မည် ဖြစ်ပါ ကြောင်း။

 

 

မဟာမဲခေါင်ဒေသတွင်း နိုင်ငံများ၏ အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာနိုင်ငံသည် အစိတ်အပိုင်း တစ်ရပ်အနေဖြင့် မဖြစ်မနေပါဝင် ဆောင်ရွက်သွားရမည်ဖြစ်ပြီး Cross Border Transport Agreement ကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် ယခင်ကထက် များစွာဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ထို့အချက်များကို အထောက်အကူ ဖြစ်စေမည့် လမ်းပိုင်း ၃ ခု၏ လမ်းအဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နှင့် အာဆီယံအဆောက်အအုံ ရန်ပုံငွေတို့မှ အမေရိကန်ဒေါ်လာ သန်း ၃၆၀ ချေးယူမည့် အစီအစဉ်အား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်ပြခြင်း ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းနေက် အဆိုပါ အမေရိကန်ဒေါ်လာသန်း ၃၆၀ ချေးယူရန်ကိစ္စ နှင့်စပ်လျဉ်း၍ လွှတ်တော်က အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာသည်။

 

 

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Neighbouring Countries Economic Development Cooperation Agency - NEDA ထံမှ ထိုင်းဘတ် ၄ ဒသမ ၅ ဘီလီယံ ချေးယူ ရန်ကိစ္စ နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာအထူးစီးပွားရေးဇုန် ဗဟိုစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

 

 

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ထိုင်းနိုင်ငံ NEDA သည် အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အဖြစ် နိုင်ငံအစိုးရချင်းကိုသာ ချေးငွေပေးခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ချေးငွေကို အီတာလျံ - ထိုင်းက ချေး၍မရပါကြောင်း၊ မြန်မာအစိုးရကိုသာ အထူးသက်သာသောနှုန်းဖြင့် ချေးခြင်း ဖြစ်ပါကြောင်း။

 

 

ချေးငွေစည်းကမ်းအရ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူ၍ ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ၂ လမ်းသွား ကား လမ်းအတွက် အီတာလျံ-ထိုင်း ကုမ္ပဏီအုပ်စုမှ ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် Concession Agreement ကို ပြန်လည်ပြင်ဆင်ချုပ်ဆိုရေးကို စနစ်တကျ ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့် အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုလမ်းသည် ထားဝယ်အထူးစီးပွားရေးဇုန်၏ ပြင်ပ တွင် တည်ရှိပြီး ဆက်စပ်လုပ်ငန်းအဖြစ်သာ ပါဝင်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူ၍ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံပိုင်လမ်းအနေဖြင့် ပြည်သူများအတွက် သင့်တင့်မျှတ သောနှုန်းထားဖြင့် သွားလာနိုင်မည်ဖြစ်ပါကြောင်း။

 

 

ယခုကားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အမြန်ဆောင်ရွက်လိုက်ခြင်းဖြင့် အခြား သော စီမံကိန်းများနှင့် ဆက်စပ်ဒေသများကိုပါ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် တနင်္သာရီတိုင်းဒေသကြီး၏ အလားအလာကို ပိုမိုကောင်းမွန်ပြီး နိုင်ငံ၏ စီးပွားရေးနှင့် အစိုးရ၏ပုံရိပ်များကိုလည်း ပိုမိုကောင်းမွန်လာနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်း တင်ပြသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယခုချေးယူမည့် ထိုင်းနိုင်ငံ Neighbouring Countries Economic Development Cooperation Agency (NEDA) ထံမှ ချေးငွေထိုင်းဘတ် ၄ ဒသမ ၅ ဘီလီယံရယူရာတွင် အတိုးနှုန်းမှာ ၀ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပြီး Management Fee အဖြစ် ၀ ဒသမ ၁၅ ရာခိုင်နှုန်း ထိုင်းဘတ် ၆ ဒသမ ၇၅ သန်းကို တစ်ကြိမ်တည်းပေးချေရမည် ဖြစ်ပါကြောင်း၊ အဆိုပါ Management Fee ကိုပါ ထည့်သွင်းတွက်ချက်ပါက တစ်နှစ်လျှင် အတိုးနှုန်း ၀ ဒသမ ၁၀၅ ရာခိုင်နှုန်း ခန့်ကျသင့်မည်ဖြစ် ပါကြောင်း၊ အဆိုပါချေးငွေ၏ Grant Element တွက်ချက်ရရှိမှုမှာ ၆၁ ဒသမ ၄၀ ရာခိုင်နှုန်း ဖြစ်သဖြင့် သက်သာသော ချေးငွေဖြစ်ပါကြောင်း၊ ချေးငွေပြန်လည်ပေးဆပ်မှု အချိန်ဇယားအရ ဆိုင်းငံ့ကာလ ၁၀ နှစ်အတွင်း နှစ်စဉ်အတိုး ထိုင်းဘတ် ၄ ဒသမ ၅ သန်း(ကျပ် ၁၉၃ သန်းခန့်) နှင့် ဆိုင်းငံ့ကာလကျော်လွန်ပါက ပြန်ဆပ်ကာလ ၂၀ နှစ်အတွင်း နှစ်စဉ်အတိုးအရင်းပေါင်း ထိုင်းဘတ် ၂၂၉ ဒသမ ၅ သန်း(ကျပ် ၉၈၄၇ သန်းခန့်) ပေးဆပ်သွားရမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

 

အဆိုပါ ထိုင်းဘတ် ၄ ဒသမ ၅ ဘီလီယံ ချေးယူရန်ကိစ္စ နှင့်စပ်လျဉ်း၍ လွှတ်တော်က အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာသည်။

 

 

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှပေးပို့သည့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ နှင့်စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက် အစီရင်ခံ စာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၅/၂၀၁၈) နှင့်စပ်လျဉ်း၍ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၊ မိုင်းတုံမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦး၊ မြေပုံ မဲဆန္ဒနယ်မှ ဦးဖေသန်း၊ တောင်သာမဲဆန္ဒနယ်မှ ဦးစစ်အေး၊ လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေး၊ ပေါက်တောမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံ၊ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၊ ပလက်ဝမဲဆန္ဒနယ်မှ ဦးစိန်အောင်၊ မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာလင်းလင်းကျော်၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်း၊ နန်းယွန်းမဲဆန္ဒနယ်မှ ဦးဝမ်းလှ၊ မိုးမောက်မဲဆန္ဒနယ်မှ ဦးဝင်းအောင်၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအာမိုးဆီ၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇)မှ ဦးကျော်တုတ်၊ ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်း၊ လှည်းကူးမဲဆန္ဒနယ်မှ ဦးသိန်းတန်၊ ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၊ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်း ထန်၊ ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၊ မြန်အောင်မဲဆန္ဒနယ်မှ ဦးခင်မောင်လတ်၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ကသာမဲဆန္ဒနယ်မှ ဦးမြင့်ကြည်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်းနှင့် တောင်ကုတ် မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့် တို့က အကြံပြုဆွေးနွေးကြသည်။

 

 

လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက အစီရင်ခံစာပါ တွေ့ရှိချက်များအရ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများတွင် မူလသတ်မှတ်ထားသည့် လုပ်ငန်းနှင့် အမှန်ဆောင်ရွက်မှု မတူညီမှု၊ ပြီးစီးကြောင်းတင်ပြသော်လည်း အမှန်တကယ်ဆောင်ရွက်မထားမှု၊ လုပ်ငန်းပြီးစီးမှု အတွက် အစီရင်ခံစာ မတင်ပြမှု၊ မျက်မြင်စစ်ဆေးရာတွင် လုပ်ငန်းသုံးပစ္စည်း လက်ကျန်များ ကျန်ရှိနေမှု၊ စစ်ဆေးချက်များအရ လုပ်ငန်းပမာဏ၊ ဈေးနှုန်း၊ ပစ္စည်းအမျိုးအစား စသည့် အကြောင်းအမျိုးမျိုးကြောင့် ပိုထုတ်ငွေများဖြစ်ပေါ်၍ နိုင်ငံတော်ကို ပြန်လည်သွင်းရခြင်း၊ သတ်မှတ်အချိန်မီ မဆောင်ရွက်နိုင်၍ ခွင့်ပြုငွေပြန်သွင်းရခြင်း၊ ဆောင်ရွက်ပြီး လုပ်ငန်းများသည် အကြောင်းအမျိုးမျိုးကြောင့် ပြန်ပြီးပျက်စီး၊ ပျောက်ဆုံးသည်များကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နိုင်ငံပိုင်ငွေများ သုံးစွဲရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် (၃၅/၂၀၁၇)ပါ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ လိုက်နာဆောင်ရွက်ရေးနှင့် အဆင့်ဆင့်ကြီးကြပ် မှုများ ပြုလုပ်ဆောင်ရွက်သင့်ပါကြောင်း၊ ဆောင်ရွက်ပြီးလုပ်ငန်းများ နှင့်ပတ်သက်၍ မြို့နယ် စာရင်းချုပ်အဖြစ် သတ်မှတ်ပုံစံများနှင့်အညီ အချိန်မီတင်ပြရန် လိုအပ်ပါကြောင်း ဆွေးနွေး သည်။ 

 

 

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်း များ အသုံးအနှုန်းအစား လွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများဟု ပြောင်းလဲ၍ ပြည်ထောင်စု နယ်မြေရှိ မြို့နယ်များအတွက် ပြည်ထောင်စုလွှတ်တော်ရုံး၏ ဘတ်ဂျက်မှလည်းကောင်း၊ တိုင်း ဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်များအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ် တော်ရုံးများ၏ ဘတ်ဂျက်မှလည်းကောင်း ထောက်ပံ့ငွေအသုံးစရိတ်အဖြစ် လျာထားဆောင်ရွက် သင့်၊ မသင့်အပေါ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေ၊ လုပ်ထုံးလုပ်နည်း များ၊ လုပ်နည်းစနစ်များအတိုင်းသာ ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ၏ သုံးသပ်ချက်နှင့် သဘောထားမှတ်ချက်ကိုထောက်ခံပြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ခွင့်ပြုရာတွင် နယ်မြေကျယ်ဝန်းပြီး ဖွံ့ဖြိုးမှုလိုအပ်ဆဲဖြစ်သည့် မြို့နယ်များကို လက်ရှိခွင့်ပြုငွေ ထက်ပိုမိုတောင်းခံခွင့်ပြုရန်ဆိုသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အကြံပေးချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါကြောင်း ဆွေးနွေးသည်။

 

 

အဆိုပါကိစ္စ နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးချက်များ အပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်လင်းဆွေးနွေးခြင်းနှင့် လွှတ် တော်က အတည်ပြုခြင်း တို့ကို ပြည်ထောင်စုလွှတ်တော် (၂၀ )ရက်မြောက်နေ့ အစည်းအဝေး တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ ကျင်းပမည့် နေ့ရက်ကို ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

သူရဇော်၊ အေးအေးသန့်