တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘင်္ဂလားဒေ့ရှ် လေတပ် ဦးစီးချုပ်အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ၊ ၂၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဘင်္ဂလားဒေ့ရှ် လေတပ်ဦးစီးချုပ် Air Marshal Muhammad Enamul Bari, ndu, psc ယနေ့ နံနက် (၁၀) နာရီ (၄၅) မိနစ်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့လက်ခံ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ် ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ဘင်္ဂလားဒေ့ရှ် လေတပ်ဦးစီးချုပ်နှင့်အတူ ဘင်္ဂလားဒေ့ရှ် လေတပ်မှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံစစ်သံမှူး Brigadier General Md Mahbubul Haque, ndc, afwc, psc တို့တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ဆက်ဆံနိုင်မှု အခြေအနေများ၊ နှစ်နိုင်ငံလေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဘင်္ဂလားဒေ့ရှ် လေတပ်ဦးစီးချုပ် တို့သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့်အတူ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက် ခဲ့ကြကြောင်း သတင်းရရှိသည်။