ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားမြေ အသုံးချမှုကောင်စီ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် မေ ၇

အမျိုးသားမြေ အသုံးချမှုကောင်စီ တတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေ အသုံးချမှု ကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက နိုင်ငံတော်၏ မြေသယံဇာတများကို စဉ်ဆက်မပြတ် စီမံအုပ်ချုပ် အသုံးချနိုင်ရေးအတွက် လိုအပ်နေသည့် အမျိုးသားမြေ အသုံးချမှု မူဝါဒကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ အမျိုးသားမြေ အသုံးချမှု မူဝါဒကို မြို့ပြ၊ ကျေးလက်များအပါအဝင် နိုင်ငံတော်အတွင်းရှိ မြေအသုံးချမှုနှင့် လုပ်ပိုင်ခွင့်များကို မူဝါဒပါ ရည်ရွယ်ချက်များနှင့်အညီ စနစ်တကျအောင်မြင်စွာ အကောင်အထည်ဖော် စီမံဆောင်ရွက်နိုင်ရန် ဦးတည်ပြီး မြေနှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေများ၏ ညီညွတ်မျှတမှု၊ ယင်းဥပဒေများကို အကောင်အထည်ဖော်မှု အပါအဝင် အမျိုးသားမြေ ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းနိုင်ရေး အတွက်လည်းကောင်း၊ မြေအသုံးချမှု သို့မဟုတ် မြေလုပ်ပိုင်ခွင့်တို့နှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ အားလုံးက အဆုံးအဖြတ်ပေးရမည့် ကိစ္စရပ်များ အတွက်လည်းကောင်း လမ်းညွှန်ဖြစ်စေ ရမည်ဟု အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါကြောင်း။

အမျိုးသားမြေ အသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နည်းဗျူဟာများ၊ လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေးရန်နှင့် အမျိုးသားမြေအသုံးချမှု မူဝါဒကိုအခြေခံပြီး အမျိုးသားမြေ ဥပဒေ ရေးဆွဲရေးနှင့် မြေအရင်းအမြစ်များ စီမံခန့်ခွဲရေးတို့နှင့် စပ်လျဉ်းပြီး ညှိနှိုင်းဆွေးနွေးရန် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၂ ရက်မှ ၃ ရက်အထိ အမျိုးသားမြေ အသုံးချမှု မူဝါဒဆိုင်ရာဖိုရမ် ကျင်းပခဲ့ပါကြောင်း။

အမျိုးသားမြေ အသုံးချမှု မူဝါဒဆိုင်ရာ ဖိုရမ်မှ ဖော်ထုတ်ရရှိသည့် ရလဒ်များကို အခြေခံပြီး အနာဂတ်မြန်မာနိုင်ငံတွင် စနစ်တကျ ကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှုစနစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အမျိုးသားမြေ အသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မူများနှင့် အခြေခံမူများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသားမြေ အသုံးချမှုကောင်စီ၏ ဒုတိယအကြိမ် အစည်းအဝေးတွင် ဆုံးဖြတ်ချက် (၇) ချက်ကို ချမှတ် အကောင်အထည်ဖော်စေခဲ့ရာတွင် ဆောင်ရွက်ဆဲအဆင့်သာ ရှိသေးသည့်အတွက် အမြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တိုက်တွန်းလိုပါကြောင်း။

နောက်တစ်ဆင့် လုပ်ငန်းများအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကျန်ရှိနေသေးသည့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် ရပ်ကွက်၊ ကျေးရွာအဆင့် မြေအသုံးချမှုကော်မတီများ ဖွဲ့စည်းပြီး မြေယာစီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) မြေအသုံးချမှု ကော်မတီများက အရှိန်အဟုန်မြှင့်ပြီး ဆက်လက်ဆောင်ရွက်ရန်၊ အမျိုးသားမြေဥပဒေ ရေးဆွဲအကောင်အထည်ဖော်ရန်၊ အမျိုးသားမြေအသုံးချမှု စီမံကိန်းများ၊ မြေအသုံးချမှုဇုန်များ ဖော်ထုတ်ရေးဆွဲ အသုံးပြုရန်၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် ဆက်လက်အကောင်အထည်ဖော်ရန်၊ စိုက်ပျိုးရေး မဟာဗျူဟာပါ မြေယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်ရန်နှင့် အမျိုးသားမြေ အသုံးချမှုကောင်စီ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၊ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်စသည့် မြေယာစီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့အများအကြား အမျိုးသားမြေအသုံးချမှု မူဝါဒလမ်းညွှန်ချက်များနှင့်အညီ ဆက်လက်၍ ထိရောက်စွာ ညှိနှိုင်း ပေါင်းစပ်သွားရန်တို့အတွက် အမျိုးသားမြေအသုံးချမှု ကောင်စီက အဖွဲ့ဝင်များအားလုံး နှင့်အတူ ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

၂၀၁၉ မတ် ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့တွင် အမျိုးသားမြေဥပဒေ (National Land Law) ဖြစ်ပေါ်လာစေရေး အမျိုးသားမြေအသုံးချ မူဝါဒကို ပြန်လည် သုံးသပ်ပြီး မြေယာစီမံအုပ်ချုပ်မှု၊ အမျိုးသားမြေ အသုံးချ မဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည် စီမံကိန်း မျှော်မှန်းချက်များ အလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကိုလည်း အမျိုးသားလွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါကြောင်း။

လက်ရှိမြန်မာနိုင်ငံ၏ မြေယာစီမံခန့်ခွဲနေမှုများကို သုံးသပ်ကြည့်သည့်အခါ မြေယာဆိုင်ရာဥပဒေများ သဟဇာတဖြစ်စေရန် အထူးလိုအပ်နေကြောင်းကို တွေ့ရှိရသည့်အတွက် အမျိုးသားလွှတ်တော်၏ ဆုံးဖြတ်ချက်ကို လှိုက်လှဲစွာကြိုဆိုပြီး အမျိုးသားမြေ အသုံးချမှု ကောင်စီအနေဖြင့် အမျိုးသားမြေဥပဒေကို အမျိုးသားမြေအသုံးချမှု မူဝါဒ၏ မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

အမျိုးသားမြေ အသုံးချမှု မူဝါဒအပိုင်း (၁၀)၊ ဥပဒေများ သဟဇာတ ဖြစ်စေခြင်းနှင့် ဥပဒေ အသစ်ပြဋ္ဌာန်းခြင်းတွင် အမျိုးသားမြေ ဥပဒေ ရေးဆွဲရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖော်ပြထားရာတွင် ပထမဦးစွာ ရေးဆွဲရသည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို အများပြည်သူနှင့် အကျိုးသက်ဆိုင်သူများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသိပေးရန်၊ ဥပဒေမူကြမ်းအတွက် ပါဝင်သင့်သည့် အချက်များကို စုဆောင်းပြုစုရာတွင် လည်းကောင်း၊ မူကြမ်းရေးသားရာတွင် လည်းကောင်း၊ မူကြမ်းကို ချပြဆွေးနွေး အကြံပြုချက်များ ရယူရာတွင်လည်းကောင်း တိုင်းရင်းသား လုပ်သား ပြည်သူများအားလုံး ပူးပေါင်းပါဝင် ညှိနှိုင်းဆွေးနွေးသည့် လုပ်ငန်းစဉ်များဖြင့် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဆောင်ရွက်သွားရန်၊ မူကြမ်းပြုစုရာတွင်လည်း အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်း အခြားနိုင်ငံများ၏ အတွေ့အကြုံ၊ နိုင်ငံတော်၏ ပြောင်းလဲနေသည့် နိုင်ငံရေး စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အနေအထားနှင့် အခြားထူးခြားသည့် အခြေအနေများ၊ ၂၁ ရာစု ပင်လုံညီလာခံက သဘောတူထားသည့် မြေယာ၊ သယံဇာတ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ထောင်မှု ဆိုင်ရာ အခြေခံသဘောတရားများ၊ လက်ရှိကြုံတွေ့နေရသည့် ပြဿနာများ၊ မြေအသုံးချသူ ပြည်သူများ၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အန္တိမမျှော်မှန်းချက် စသည်တို့ကို အခြေခံပြီး ပြည်ထောင်စုလွှတ်တော်၏ လမ်းညွှန်မှု၊ ပူးပေါင်းပါဝင်မှု၊ တိုင်းရင်းသား လူမျိုးစုနှင့် လုပ်သားပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် မူကြမ်းကို ရေးဆွဲသွားရန်တို့ပါရှိပြီး အပြီးသတ်မူကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားရန် ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

ယင်းလုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆောင်ရွက်သည့် နေရာတွင်လည်း “အမျိုးသား မြေအသုံးချမှု ကောင်စီ” ၏ လမ်းညွှန်မှု၊ နည်းပညာ အကြံပေးအဖွဲ့ ပံ့ပိုးမှု၊ အခြားလုပ်ငန်း ကော်မတီများ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တို့၏ မြေအသုံးချမှု ကော်မတီများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

ယခုကျင်းပသည့် အစည်းအဝေးတွင် သက်ဆိုင်ရာ ကောင်စီအဖွဲ့ဝင်များက မိမိတို့ဆိုင်ရာ မြေအသုံးချမှု စီမံခန့်ခွဲရေး လုပ်ငန်းစဉ် များကို ဆောင်ရွက်နေမှု အနေအထား၊ အောင်မြင်မှုများ၊ စိန်ခေါ်မှုများအပေါ် အခြေခံ၍ ကောင်စီ၏လမ်းညွှန်မှု လိုအပ်နေသော ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း တင်ပြစေလိုပါကြောင်း၊ ကောင်စီအနေနှင့်လည်း တင်ပြချက်များအပေါ် "လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ"၊ "ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့"၊ "မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ"၊ "မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်" တို့နှင့် လိုအပ်သလို တိုင်ပင်ညှိနှိုင်းပြီး လိုအပ်သည့် လမ်းညွှန်မှုများကို ဆက်လက်ပေးအပ်သွားမည် ဖြစ်ပါကြောင်း။

အမျိုးသားမြေ အသုံးချမှု ကောင်စီအနေဖြင့် မြေသယံဇာတများကို စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အစဉ်အမြဲ သုံးသပ်ပြီး အဆိုပါလုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက် အဖွဲ့ဝင်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားမြေ အသုံးချမှုကောင်စီအတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အမျိုးသားမြေအသုံးချမှုကောင်စီ၏ ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (one map Myanmar) စီမံကိန်းလုပ်ငန်းများ၏ ဗွီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် အမျိုးသားမြေ အသုံးချမှုကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒေါက်တာအောင်သူ၊ ဦးစိုးဝင်း၊ ဦးဟန်ဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အချက်များနှင့် မြေအသုံးချမှု လုပ်ငန်းများအတွက် ဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး ၊ ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာ ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြေအသုံးချမှု အခြေအနေများ၊ ကော်မတီဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှု၊ သစ်တောဧရိယာများ မပျက်စီးစေရေး ထိန်းသိမ်းဆောင်ရွက်နေမှု၊ မြေယာနှင့်ပတ်သက်ပြီး လက်ရှိရင်ဆိုင် နေရသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အမျိုးသားမြေယာ အသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတက ကောင်စီ၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်မြေ အသုံးချမှု ကော်မတီများ အမြန်ဆုံး ဖွဲ့စည်းအကောင်အထည်ဖော်သွားကြရန်နှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် ရပ်ကွက်၊ ကျေးရွာအဆင့် မြေအသုံးချမှု ကော်မတီများကိုလည်း ဖွဲ့စည်းဆောင်ရွက်သွားကြရန်လိုကြောင်း။

အမျိုးသားမြေ အသုံးချမှုကောင်စီသည် အမျိုးသားမြေအသုံးချမှု မူဝါဒအရ နိုင်ငံတော်၏ မြေစီမံခန့်ခွဲမှုဆိုင်ရာ အမြင့်ဆုံး အဖွဲ့အစည်း တစ်ခုဖြစ်သဖြင့် လက်ရှိဖွဲ့စည်းဆောင်ရွက်လျက်ရှိသော ပြည်ထောင်စုအဆင့် မြေယာစီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီများ၊ အဖွဲ့များ၏ ဆုံးဖြတ်ချက်၊ ဆောင်ရွက်ချက်များကို ကြီးကြပ်လမ်းညွှန်နိုင်ရန်နှင့် ကော်မတီများနှင့် အဖွဲ့များအကြား ပေါင်းစပ်ညှိနှိုင်းပေးရန်အတွက် ယန္တရားတစ်ခု ဖော်ဆောင်ခြင်းသည် အရေးကြီး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း။

အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သော အဆိုဖြစ်သည့် အမျိုးသားမြေဥပဒေ (National Land Law) ဖြစ်ပေါ်လာစေရေး အတွက် အမျိုးသားမြေအသုံးချ မူဝါဒကို ပြန်လည်သုံးသပ်ပြီး မြေယာစီမံအုပ်ချုပ်မှု၊ အမျိုးသားမြေအသုံးချမှု မဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည် စီမံကိန်း မျှော်မှန်းချက်များအလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် မြန်မာနိုင်ငံတွင် စနစ်တကျ ကောင်းမွန်သော မြေယာစီမံခန့်ခွဲမှု တိုးတက်ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

(သတင်းစဉ်)