တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၂၈

မြန်မာနိုင်ငံတွင် ယခုကာလအတွင်း၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပွားလျက်ရှိရာ မေ ၂၇ ရက်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၌ နေအိမ်(၂)လုံး အမိုးအကာလန် ပျက်စီးခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး၊ သာယာဝတီ နှင့် နတ္တလင်းမြို့နယ်တို့၌ နေအိမ်(၆၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မကွေးတိုင်း ဒေသကြီး၊ ချောက်၊ မကွေး၊ မြို့သစ်၊ ရေနံချောင်း၊ နတ်မောက်၊ မင်းဘူးနှင့် စလင်းမြို့နယ်တို့၌ နေအိမ်(၁၂) လုံးပြိုကျပျက်စီးပြီး နေအိမ်(၁၃၁) လုံးနှင့် ဘာသာရေး အဆောက်အဦ(၅)လုံး အမိုးအကာ လန်ပျက်စီးခြင်း၊  မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တောင်သာနှင့် မြင်းခြံ မြို့နယ်တို့၌ နေအိမ်(၁)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁၇)လုံး အမိုးအကာလန်ပျက်စီးခြင်း တို့ဖြစ်ပွားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ ထောက်ပံ့မှုများ အမြန်ဆုံးသွားရောက်ဆောင်ရွက်ခဲ့သည်။

အလားအတူ ဧပြီ ၉ ရက်မှ  မေ ၂၈ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုတို့ကြောင့် နေအိမ်(၈၄၈)လုံးနှင့် ဘာသာရေး အဆောက်အဦ(၁၆)လုံး ပြိုကျ ပျက်စီးခြင်း၊ နေအိမ်(၁၁၉၉၄)လုံးနှင့် ဘာသာရေး အဆောက် အဦ(၂၃၇)လုံး အမိုးအကာလန် ပျက်စီးခြင်းနှင့် လူ(၈)ဦးသေဆုံးပြီး လူ(၂၆)ဦးဒဏ်ရာရရှိခဲ့သည်။ လူမှု၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချ ထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်း ဖိုးများနှင့် သေဆုံး၊ ဒဏ်ရာရသူ ထောက်ပံ့ ခြင်းများအတွက် စုစုပေါင်းကျပ်(၇၀၁ဒသမ၈) သန်းကျော် ထောက်ပံ့ခဲ့ပြီးဖြစ်သည်။

ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန် အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)