ကလေးစာပေပွဲတော်(ပဲခူး) ဖွင့်ပွဲအခမ်းအနားကျင်းပ

Fri, 03/29/2019 - 08:19 -- admin

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားမှာ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေးစာပေ ပွဲတော်ဖြစ်ပါကြောင်း၊ ကလေးစာပေပွဲတော်များ ကျင်းပလာခဲ့သည်မှာ နိုင်ငံတော်အဆင့် (၈) ကြိမ် ရှိပြီဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် နဝမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ကလေးစာပေပွဲတော်ကြီးများ ဆက်လက်ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ခရိုင်၊ မြို့နယ်များ တွင်လည်း ကျင်းပလျက်ရှိပါကြောင်း။

ကလေးစာပေပွဲတော် ကျင်းပရခြင်း အဓိကရည်ရွယ်ချက်မှာ ကလေးများ ပျော်ရွှင်စေရန် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကလေးများကို ပျော်ရွှင်စေချင်ပါကြောင်း၊ ကလေးများသာမက လူသားအားလုံး ပျော်ရွှင်မှုရှိရန် အရေးကြီးပါကြောင်း၊ ကလေးများ ပျော်ရွှင်ရန်ဆိုပြီး ပျော်ပွဲရွှင်ပွဲများသာ ကျင်းပပေးခြင်းမျိုး မဟုတ်ပါကြောင်း၊ ခေတ္တခဏသာ ပျော်ရွှင်ခြင်းမျိုးမဟုတ်ဘဲ ရေရှည်တည်တံ့ ကြာရှည်သည့် ပျော်ရွှင်မှုမျိုးဖြစ်အောင် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း။
ကလေးစာပေပွဲတော်ဆိုပြီး ကလေးပွဲများသက်သက်မဟုတ်ဘဲ စာပေပွဲများလည်း ထည့်သွင်းကျင်းပ ပေးပါကြောင်း၊ ခန်းမအတွင်းနှင့် အပြင်ဘက်တွင် စာအုပ်များ ခင်းကျင်းပြသထားသကဲ့သို့ ဈေးတန်းများတွင် လည်း စာအုပ်များ ရောင်းချပေးလျက် ရှိပါကြောင်း၊ ကလေးများကို စာအုပ်စာပေနှင့် ထိတွေ့စေချင်ပါကြောင်း၊ ကလေးစာပေ ပွဲတော်မှ လက်ဆောင်ပေးသော စာအုပ်များ၊ ဈေးတန်းမှရောင်းချသော စာအုပ်များ ဝယ်သွားခြင်းဖြင့်လည်း အမှတ်တရဖြစ်စေချင်ပါ ကြောင်း။
ကလေးများ စာအုပ်စာပေနှင့် ထိတွေ့ပျော်ရွှင်စေရန်သာမက လူအများနှင့် ပူးပေါင်း လုပ်ဆောင်တတ်သည့် အဖွဲ့အစည်းစိတ်ဓာတ်များ ရှိစေရန်လည်း ရည်ရွယ်ပါကြောင်း၊ Theme Song ဆိုသည့် ကလေးတွေကို ရေတွက်ကြည့်သည့်အခါ ၃၈ ယောက်ရှိပါကြောင်း၊ သူတို့လေးတွေအနေဖြင့် သီချင်းဆိုရန် ဇာတ်တိုက် လေ့ကျင့်ရမည်၊ ဆရာ ဆရာမများက လေ့ကျင့်ပေးရမည်၊ ဘယ်သူက ဘယ်လိုစသည်ဖြင့် ညှိရမည် ဖြစ်ပါကြောင်း၊ ညီညီညာညာဖြစ်အောင် စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အကျင့် ရလာပါကြောင်း။
ကလေးစာပေပွဲတော်များ ကျင်းပရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်/ မြို့များ၏ တက္ကသိုလ်များ၏ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပလေ့ ရှိပါကြောင်း၊ ကျင်းပရသည့် ရည်ရွယ်ချက်မှာ နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်း ရှိခြင်း၊ ပွဲတော်လာသည့် ကလေးများမှာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအရွယ် ကလေးများဖြစ်၍ သူတို့ဘာသာ တက္ကသိုလ်သို့ လာရောက်ရန် ခက်ခဲပါကြောင်း၊ ကြုံကြိုက်မှသာ ရောက်ရှိနိုင်ပါကြောင်း၊ ကလေးစာပေပွဲတော်ကျင်းပ သည့်အခါ တစ်နယ်လုံးမှ ကလေးငယ်များ တက္ကသိုလ်အတွင်း ရောက်ရှိလာသည့်အခါ အထင်ကြီး အားကျလာနိုင်ပါကြောင်း၊ တစ်နေ့ ငါတို့လည်း တက္ကသိုလ်ရောက်ရမည်ဆိုသည့် အတွေးများ ရှိလာနိုင်ပါကြောင်း၊ ခမ်းနားသည့် ခန်းမကြီးအတွင်း ရောက်ရှိသည့်အခါ ဂုဏ်ယူတတ်သည့် စိတ်များလည်း ဖြစ်ပေါ်လာန်ိုင်ပါကြောင်း။

ကလေးစာပေပွဲတော် လာရောက်ရင်း၊ ဆက်စပ်မိရင်း စေတနာ သဒ္ဒါတရား ထက်သန်သည့် ပုဂ္ဂိုလ်များလည်း ကြုံဖူးပါကြောင်း၊ မော်လမြိုင်တက္ကသိုလ်၌ ကျင်းပသည့် ကလေးစာပေပွဲတော် တွင် မော်လမြိုင်တက္ကသိုလ် ကျောင်းသားဟောင်းများ ပါဝင်သည့် ရပ်မိရပ်ဖများက ခန်းမရှေ့တွင် ကွန်ကရစ်ခင်းပေးခြင်းနှင့် အခြားလိုအပ် သည်များကို ဝိုင်းဝန်း ကူညီပံ့ပိုးပေးပါကြောင်း။
နေပြည်တော်တွင် ကျင်းပသည့် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှုတွင် ပထမဆုံး အကြိမ်အဖြစ် စာအုပ်ပေါင်း ၄၂၈၀ ကျော်ကို ခင်းကျင်းပြသခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် စာမဖတ်ကြောင်း၊ စာအုပ်စာပေ မထွန်းကားကြောင်း ပြောဆိုသည်များ ရှိရာ စာဖတ်မှုနှင့် ပတ်သက်၍ အားနည်းချက်များရှိသည်မှန်သော်လည်း စာမဖတ်ကြဘူး၊ စာအုပ်စာတမ်း မထွက်ဘူးဆိုသည့် အချက်မှာ မမှန်ပါကြောင်း၊ စာဖတ်ချင်သူများအတွက် စာအုပ်တွေရှိပါတယ်ဆိုသည့်အချက်ကို ပြချင်သည့်အတွက် ၂၀၁၈ တစ်နှစ်လုံး ထွက်သည့် စာအုပ်များကို တတ်နိုင်သလောက် ပြသပေး ခြင်းဖြစ်ပါကြောင်း။

မြစ်ကြီးနားတက္ကသိုလ်တွင်ကျင်းပသည့် ကလေးစာပေပွဲတော်တွင် စာပေကို စိတ်ဝင်စားသည့် စေတနာရှင် များက စာပေပွဲတော်နှင့် ဟောပြောပွဲများသာမက စာအုပ်များခင်းကျင်းပြသသည့်အတွက် ဝမ်းသာကြောင်း၊ ကချင်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များတွင်လည်း ကလေးစာပေ ပွဲတော်များ ကျင်းပပေးပါ၊ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီ ပေးပါမည်ဟု ပြောသည့်အတွက် ပူတာအို၌ ကလေးစာပေပွဲတော် ဆက်လက်ကျင်းပပေးခဲ့ပါကြောင်း၊ ပူတာအိုလိုနေရာမျိုးသည် သွားလာရခက်ခဲသလို စာအုပ်စာပေ ရောက်ရန်လည်း ခဲယဉ်းပါကြောင်း၊ သို့သော် ပူတာအို ကလေးစာပေပွဲတော်တွင် ယခုကဲ့သို့ စာအုပ် ၄၂၀၀ ကျော်ကို ခင်းကျင်းပြသခဲ့ပါကြောင်း၊ စေတနာရှင် ပုဂ္ဂိုလ်များက ပူတာအိုတွင်ပြသထားသည့် စာအုပ်များကို ပြန်မသယ်ရန်နှင့် သူတို့လှူဒါန်းမည်ဟု ပြောပါကြောင်း၊ မိမိတို့ဘက်မှ အချို့စာအုပ်များကို လှူဒါန်းခဲ့သည့်အတွက် စေတနာရှင်များဘက်မှ သိန်း ၄၀/ ၅၀ ဖိုးလောက်သာ ဝယ်ရပါကြောင်း၊ အဓိကပြောချင်တာက ကလေးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာထက်သန်သည့် ပုဂ္ဂိုလ်များ ရှိခြင်းကို ပြောချင်တာဖြစ်ပါကြောင်း၊ ထိုသို့ပူးပေါင်း ဆောင်ရွက်ခြင်းကြောင့် ကလေးစာပေပွဲတော်များကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းဖြစ်ပါ ကြောင်း။
စာအုပ်ထုတ်ဝေသူများ၊ ရောင်းချသူများအသင်းကလည်း လိုက်လံရောင်းချပေး သည်များ ရှိပါကြောင်း၊ မြို့သူမြို့သား နယ်ခံစာပေပညာရှင်များပါဝင်လာသည့်အတွက် ၎င်းတို့၏ အခန်းကဏ္ဍကို ထည့်သွင်းပေးထား ပါကြောင်း၊ ပဲခူးစာပေပွဲတော်၌လည်း ညပိုင်းတွင် မြန်မာ့အသံမှ ဖျော်ဖြေပေးမည့် Stage ရှိပါကြောင်း၊ ဒေသခံအနုပညာရှင်များရှိလျှင်လည်း ဒီပွဲမှာ ဝိုင်းဝန်းကူညီပါဝင်၍ ရပါကြောင်း။

အချုပ်ဆိုရသော် ကလေးများဖွံ့ဖြိုးတိုးတက်ပြီး လူတော်လူကောင်းများဖြစ်လာစေရန်၊ တိုင်းပြည်၏ အနာဂတ်ပိုမို တောက်ပြောင်စေရန်အတွက် ကလေးစာပေပွဲတော်များကို ရည်ရွယ်ကျင်းပ ခြင်းဖြစ်သည့် အတွက် တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအနေဖြင့် ဒီပွဲတင်သာမက စာပေဖွံ့ဖြိုး တိုးတက်ရေး၊ ကလေးများ စာဖတ်ရေး၊ အသိပညာပြန့်ပွားရေးတွင် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းပြီး ကူညီဆောင်ရွက် ပေးကြရန် ထပ်ဆင့်မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။