ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် (၁၉) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေး ဆပ်ကော်မတီ အစည်းအဝေးဖွင့်ပွဲတွင် ပြောကြားသော အမှာစကား

Thu, 03/08/2018 - 10:36 -- admin

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အဖွင့် အမှာစကား ပြောကြားရာတွင် ယနေ့တွင် အာဆီယံဒေသတွင်း ဆက်သွယ်ရေး စိမံကိန်းများ၊ အာဆီယံ အသိအမြင်များ မြှင့်တင်ခြင်း စီမံကိန်းများနှင့် အာဆီယံနှင့် အာဆီယံဒေသ ပြင်ပမိတ်ဖက်နိုင်ငံများ အကြား နားလည်မှုများ၏ အယူအဆများ ပြန်လည် သုံးသပ် စဉ်းစားကြရန် အာဆီယံ ကိုယ်စားလှယ်များ စုဝေးကြသည့် အရေးအကြီးဆုံး အစည်းအဝေးများထဲမှ တစ်ခုဖြစ်သော 19th SCI Meeting ကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် အတွက် မြန်မာနိုင်ငံ အထူးသဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနအတွက် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း။
ဤအရေးကြီးသည့် အစည်းအဝေးသို့ တက်ရောက်ရန် မိမိတို့၏ တန်ဖိုးရှိသည့် အချိန်များကို သုံးစွဲလျက် ခရီးဝေးမှ လာရောက်ကြသည့် အာဆီယံ ကိုယ်စားလှယ်များ အားလုံးကို မိမိအနေဖြင့် နွေးထွေးစွာ ကြိုဆိုပါကြောင်း၊ အာဆီယံ သွင်ပြင် လက္ခဏာနှင့် အာဆီယံ အသိုက်အဝန်း တည်ထောင်မှုတွင် အာဆီယံ အသိအမြင်များ တိုးမြှင့်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ထပ်မံ တိုးမြှင့်မည်ဟုလည်း ပြောကြား လိုပါကြောင်း။
ငြိမ်းချမ်းမှု၊ အားလုံး ပါဝင်မှု၊ ကြံ့ခိုင်မှု၊ ကျန်းမာရေးနှင့် လိုက်ဖက်သည့် လူ့အဖွဲ့အစည်း တစ်ရပ်အတွက် ယဉ်ကျေးမှု ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ အာဆီယံ ကြေညာ စာတမ်းကို  ၃၁-၁၁-၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့သည့် 31th ASEAN Summit ၌ အာဆီယံ ခေါင်းဆောင်များမှ အတည် ပြုခဲ့ပါကြောင်း၊ ထိုကြေညာစာတမ်းနှင့် စပ်လျဉ်းပြီး အစီအစဉ်များ ဖွံ့ဖြိုးတိုးတက်မှနှင့် အာဆီယံ အသိုက်အဝန်းက ပေးသည့် အကျိုးကျေးဇူးများနှင့် အခွင့်အလမ်းများ ဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဖြူးခြင်းတွေကို အားပေး တိုက်တွန်းပြီး အပြန်အလှန် လေးစားမှုနှင့် ASEAN Strategic Plan for Information and Media (2016- 2025) နှင့်အညီ အသိအမှတ်ပြုမှု အမျိုးမျိုးတွေကို မိမိတို့ အနေဖြင့် မြှင့်တင် သွားသင့်ပါကြောင်း။
မိမိတို့အနေဖြင့် မီဒီယာဗဟုဝါဒ၏ မီဒီယာ ဓလေ့ထုံးစံနှင့် ငြိမ်းချမ်းရေး၊ ပြည်သူဗဟိုပြု ယန္တရားများ ဖန်တီးမှုတွင် လူမှုတာဝန်ရှိသည့် မီဒီယာနှင့် အစိုးရနှစ်ခု အကြား၊ အစိုးရနှင့် စီးပွားရေး လုပ်ငန်းများ အကြားနှင့် အာဆီယံ ဆွေးနွေးဘက်နိုင်ငံ များအကြား ပူးပေါင်း ဆောင်ရွက်မှုဖြင့် အသိုက်အဝန်း ထူထောင်မှုကို မြှင့်တင်ရန် လိုအပ်ပါကြောင်း။
လူမှုမီဒီယာ၏ လျင်မြန်မှုကြောင့် နိုင်ငံတိုင်းသည် သတင်းမှား/ တုများဖြင့် ကြုံတွေ့နေရပြီး အသိုက်အဝန်း အသီးသီး၏ တည်ငြိမ် အေးချမ်းရေးကို ခြိမ်းခြောက်လျက် ရှိနေပါကြောင်း၊  ဒါကြောင့် မိမိတို့အနေဖြင့် အထူးသဖြင့် လူငယ်များအကြား မီဒီယာ ကျွမ်းကျင်မှုကို မြှင့်တင်ရန် အစီအစဉ်များ၊ မာလ်တီမီဒီယာ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဆိုက်ဘာ လုံခြုံမှုအတွက် အသိပညာများ တိုးမြှင့်ရန်တို့ အတွက် အကောင် အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ယခု တက်ရောက် လာကြသော ကိုယ်စားလှယ်များ၏ အမြင်များနှင့် ထောက်ခံ အကြံပြုချက်များသည် အာဆီယံ ပြန်ကြားရေး ကဏ္ဍကို ရေရှည် တည်တံ့စွာ တိုးတက် အားကောင်းလာရန် အတွက် အကူအညီ အထောက်အပံ့များ ဖြစ်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ အာဆီယံ ပြန်ကြားရေးကဏ္ဍ တိုးတက်မှုများ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရန် အာဆီယံ နိုင်ငံများ အားလုံး အနေဖြင့် သက်ဆိုင်ရာ နိုင်ငံအလိုက် ဆက်သွယ်ရေး စီမံကိန်းများ၊ အာဆီယံ လူမှုရေး- ယဉ်ကျေးမှု အသိုက်အဝန်း အခြေပြမြေပုံနှင့် အာဆီယံ သတင်း အချက်အလက်နှင့် မီဒီယာ ၂၀၁၆-၂၀၂၅ မဟာဗျူဟာ စီမံကိန်း စသည်တို့ အကောင် အထည်ဖော်မှုများတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူညီ ထောက်ပံ့ရန် လိုအပ်ပါကြောင်း ပြောကြားသည်။