နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆွီဒင်လွှတ်တော်၌ မိန့်ခွန်းပြောကြား

Thu, 03/08/2018 - 11:02 -- admin

စတော့ဟုမ်း ဇွန် ၁၃
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၁၃ ရက် နံနက်ပိုင်းတွင် ဆွီဒင်လွှတ်တော်၌ လွှတ်တော် ကိုယ်စားလှယ်များအား မိန့်ခွန်းပြောကြားခဲ့သည်။
ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆွီဒင် လွှတ်တော်သို့ ရောက်ရှိရာ လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ အော်ရိဘန်အာလင်း နှင့်တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဆွီဒင်လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၌ မိန့်ခွန်းပြောကြားရန် ဖိတ်ခေါ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားရာတွင်  ၂၀၁၆ ခုနှစ် မတ်လ ကျွန်မတို့အစိုးရအနေနဲ့ နိုင်ငံတော်တာဝန်ယူပြီး နောက်ပိုင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နေရင်းနဲ့ စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပါ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီမိုကရေစီ မရင့်ကျက်သေးတဲ့အပြင် လူမျိုးပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ရတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရှုပ်ထွေးပြီး စိန်ခေါ်မှုများစွာနဲ့ ပြည့်နှက်နေပါတယ်။
အမြစ်တွယ်ခဲ့ပြီဖြစ်တဲ့ ပဋိပက္ခတွေကိုဖြေရှင်းရာမှာ အပြန်အလှန် ယုံကြည်မှုနဲ့ လေးစားမှုကို မဖြစ်မနေတည်ဆောက်ရမှာဖြစ်ပါတယ်။ ကျွန်မတို့အစိုးရရည်မှန်းချက်က ပြည်သူ တွေအားလုံးလုံခြုံမှု၊ လွတ်လပ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုအာမခံချက်ပေးနိုင်မယ့်  တည်ငြိမ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်ဖို့ ပဲဖြစ်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ(ပထမအစည်းအဝေး)ကို ၂၀၁၆ ခုနှစ် ဩဂုတ်လမှာ ကျင်းပခဲ့ပြီး လွန်ခဲ့တဲ့သီတင်းသုံးပတ်အတွင်းက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ( ဒုတိယအစည်းအဝေး) ကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
ဒုတိယအစည်းအဝေးမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ မြေယာ မူဝါဒများပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ ဒါဟာငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတစ်ရပ် ပေါ်ထွန်းရေးအတွက် သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ရပ်ပဲဖြစ်ပါတယ်။ ထို့အတူပဲ လုပ်ဆောင်စရာများစွာ ကျန်နေသေးသလို ဆယ်စုနှစ်ချီကြာခဲ့တဲ့ ပဋိပက္ခကို အဆုံးသတ်ရာမှာ အခက်အခဲများစွာရှိမှာကိုလည်း ကျွန်မတို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ပြည်သူများစည်းလုံးညီညွတ်ရေးနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်ရဲ့ သဘောသဘာဝက ဘက်စုံထောင့်စုံ ဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဒုက္ခသုက္ခတွေ ပြည့်နေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အရေးဖော်ဆောင်ရာမှာ သတိကြီးစွာဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် လုံလောက်တဲ့ အချိန်နဲ့နေရာလိုအပ်တာမို့ ကျွန်မတို့အနေနဲ့ အမြန်ဆုံးလမ်းကို တွေ့ရှိချင်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးဖော်ဆောင်ခြင်းဟာ ကျွန်မတို့ရဲ့ စိန်ခေါ်မှုများထဲကတစ်ခုဖြစ် ပါတယ်။ သည်းခံမှုနဲ့ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရင်း စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကသာ အာမခံချက်ပေးနိုင်တဲ့၊ အခွင့်အရေးများ အပြည့်အဝ ကာကွယ်ဖို့နဲ့ ယင်းဒေသအတွင်း တင်းမာမှုများ လျော့ကျစေမယ့်  စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကို မလွဲမသွေဆောင်ရွက်ရမှာဖြစ်ပါတယ်။
ကျွန်မတို့အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စည်းလုံးညီညွတ်ရေးကို မရရှိနိုင် သေးသ၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် မထူ ထောင် နိုင်ပါဘူး။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကသာ ပြည်သူတွေရဲ့ စွမ်းဆောင်ရည် ကိုဖြည့်စွမ်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဟာ ဆုံးခန်း မတိုင်သေးပါဘူး။ မလွယ်မှန်း သိပေမယ့် ဒါဟာပြည်သူတွေအတွက် မရှိမဖြစ် လုပ် ဆောင်ရမယ့် လုပ်ဆောင်ချက် တစ်ရပ်ဖြစ်ပါတယ်။ မတူညီတဲ့လူမျိုးစုတွေကြား စည်းလုံးညီညွတ်မှုဖော်ဆောင်ရင်း ထိုခရီး လမ်းအပေါ် ဆက်လျှောက် နေဆဲဖြစ်ပါတယ်။
ဒီမိုကရေစီဖော်ဆောင်တဲ့နှစ်များအတွင်း “မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဘယ်တော့ ရမှာလဲ” လို့ မကြာခဏအမေးခံခဲ့ရပါတယ်။ ကျွန်မရဲ့အဖြေကတော့ “ဒီမိုကရေစီ ရရှိဖို့ ရှင်တို့ ဘယ်လောက်ကြိုးစားခဲ့သလဲဆိုတာ ကိုယ့်ကိုကိုယ်ပြန်မေးပါ။ ရှင်တို့ပိုကြိုးစားလေ။ ဒီမိုကရေစီ ရဖို့ ပိုမြန်လေ”လို့ ကျွန်မပြန်ဖြေခဲ့ပါတယ်။ အခုလည်းပဲ “ငြိမ်းချမ်းရေးဘယ်တော့ရမလဲ”လို့ ကျွန်မကိုမေးလာကြတဲ့အခါ “ငြိမ်းချမ်းရေးရရှိဖို့ ရှင်တို့ဘယ်လောက်ကြိုးပမ်းခဲ့သလဲ ဆိုတာ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။ ကိုယ့်ဟာကိုယ် အဖြေရလာပါလိမ့်မယ်”လို့ ကျွန်မပြန်ဖြေခဲ့ ပါတယ်။
အချို့သောသူတွေမေးလေ့ရှိတာက “ငြိမ်းချမ်းရေးနဲ့သဟဇာတဖြစ်ရေးမှာ ကျွန်တော်တို့ ဘာလုပ်ဆောင်ပေးနိုင်မလဲ”ဆိုတဲ့ မေးခွန်းပါ။ အဲဒီမေးခွန်းမေးတဲ့သူတွေကို ကျွန်မအလွန် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ်လို့ သူတို့ ယုံကြည်တာဟာ ကျွန်မတို့အတွက် အားတစ်ရပ်ပါပဲ။ စည်းစည်းလုံးလုံးနဲ့ လက်တွဲလုပ်ဆောင် မယ်ဆိုရင် ကျွန်မတို့ရဲ့ ရည်မှန်းချက်ကို အမှန်တစ်ကယ် အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ကျွန်မပြောချင်ပါတယ် ဟု ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဆွီဒင်လွှတ်တော် ဥက္ကဋ္ဌက ဂုဏ်ပြု နေ့လယ်စာ စားပွဲဖြင့် တည့်ခင်းဧည့်ခံသည်။
နံနက်ပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စတော့ဟုမ်းမြို့ရှိ နိုဘယ်လ် ပြတိုက်သို့ သွားရောက်ကြည့်ရှု လေ့လာပြီး ၁၉၉၁ ခုနှစ်တွင် နိုဘယ်လ်ရရှိခဲ့ကြောင်း အသိ အမှတ်ပြုမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
(သတင်းစဉ်)

Featured News: 
0