ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် မတ် ၁၃

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၇ ရက် မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကျေးသီး မဲဆန္ဒနယ်မှ ဦးစိုင်းအောင်ကျော်၏ ကျေးသီး မြို့နယ် အမှတ်(၁၃၁) ခြေလျင်တပ်ရင်းမှ တပ်ရင်းပိုင်အဖြစ် သိမ်းယူရာတွင် ပါဝင် သွားသော နမ့်ကုံးရေကန် ရေဝေရေလဲဧရိယာ ၃၁ ဧကနှင့် တောင်သူများ၏ စိုက်ခင်း ၁၆၅ ဧကအား ပြည်သူပိုင်အဖြစ် ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က အဆိုပါ မြေနေရာများသည် အမှတ်(၁၃၁) ခြေလျင်တပ်ရင်း၏ တပ်ပိုင်မြေဧက ၅၈၀ တွင် ပါဝင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်စွဲဖြင့် မြေပေးမိန့် ရရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ မေးခွန်းတွင် တောင်သူများ၏ စိုက်ခင်းမြေ ၁၆၅ ဧက ဟု ဖော်ပြထားသော်လည်း တပ်မြေသိမ်း ယူစဉ်က ရွှေ့ပြောင်းတောင်ယာမြေ ၁၅ ဧက၊ သုသာန်မြေ ၃ ဒသမ၅ ဧကနှင့် မြေလွတ်မြေလပ် ၅၆၁ ဒသမ၅ ဧက ဖြစ်ပါကြောင်း၊ တောင်ယာမြေ ၁၅ ဧကသည် ယာယီတောင်ယာစနစ်ဖြင့် စိုက်ပျိုးခဲ့ခြင်း သာဖြစ်ပြီး ပိုင်ဆိုင်မှု အထောက်အထားမရှိ ကြောင်းနှင့် သုသာန်မြေ ၃ ဒသမ ၅ ဧက မှာ မြေနေရာသစ်သို့ ရွှေ့ပြောင်း ထားရှိပြီးဖြစ်သဖြင့် တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ ခြင်းဖြစ်ပါကြောင်း။

နမ့်ကုံးရေကန်သည် သဘာ၀ရေများ ထွက်ရှိသည့် ရေကန်ဖြစ်ပြီး မြို့နေပြည်သူ များ သောက်ရေ၊ သုံးရေအဖြစ် သုံးစွဲလျက်ရှိသည့်အပြင်  ကိုယ်ထူကိုယ်ထ အသေးစား လျှပ်စစ်ဓာတ်အားထုတ်ယူပြီး  မြို့တွင်းသို့ လျှပ်စစ်မီးများ ပေးဝေအသုံးပြုလျက်ရှိ ကြောင်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ  အဆိုပါရေကန်အား ပြန်လည်ပြုပြင်ထိန်း သိမ်းရန်အတွက် ငွေကျပ် ၁၈၇ သန်းခွင့်ပြုထားသည်ကို စိစစ်သိရှိရပါကြောင်း။

သို့ဖြစ်ပါ၍ ပြည်သူများ အသုံးပြုလျက်ရှိသော သဘာ၀ရေများ ထွက်ရှိသည့် နမ့်ကုံးရေကန်နှင့် ရေဝေရေလဲနေရာ ၃၁ ဧကအား မြို့နယ်အတွင်းရှိ ရဟန်းသံဃာနှင့် ရပ်မိရပ်ဖများ၏ သဘောဆန္ဒအတိုင်း အများပြည်သူလူထုပိုင်အဖြစ် နယ်မြေစည်း ရုံးရေးအရ ပြန်လည်စွန့်လွှတ်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် စိုက်ခင်းမြေ ၁၆၅ ဧက သည် တပ်ပိုင်မြေအဖြစ် ပြည်ထဲ ရေးဝန်ကြီးဌာန၏ မြေပေးမိန့် ရရှိခဲ့ပြီးဖြစ်ခြင်း၊ ပိုင်ဆိုင်မှုအထောက်အထား တစ်စုံတစ်ရာမရှိခြင်း တပ်ရင်း၏ အဆောက်အဦများနှင့် နီးကပ်စွာတည်ရှိနေခြင်းကြောင့် လုံခြုံရေးအရ ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါ ကြောင်း ရှင်းလင်းဖြေကြားသည်။ 

မိုးမိတ်မဲဆန္ဒနယ်မှ ဦးတိုးသောင်၏ မိုးမိတ်မြို့တွင်  လျှပ်စစ်မီး ၂၄ နာရီရရှိသုံးစွဲ နိုင်ရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က  မိုးမိတ်မြို့အား ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ၁၃၂ကေဗွီခွဲရုံဖြစ်သည့် လက်ပံလှခွဲရုံမှ တစ်ဆင့် ဇရက်ကွင်းခွဲရုံကို ၆၆ ကေဗွီလိုင်းနှင့် စတင်ဓာတ်အားပို့လွှတ်ရမည်ဖြစ်ပါကြောင်း၊ မိုးမိတ်မြို့သို့ ၂၄ နာရီ ဓာတ်အားပေးပို့နိုင် ရန် အတွက် မိုးကုတ်-မိုးမိတ် ၆၆ ကေဗွီဓာတ်အားလိုင်း ၂၄ ဒသမ ၆၅ မိုင်နှင့်  မိုးမိတ် မြို့တွင် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ ၁ရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို  ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ လည်းကောင်း၊ မိုးမိတ်ဓာတ်အားခွဲရုံမှတစ်ဆင့် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်အား ဓာတ်အားချိတ်ဆက်ဖြန့်ဖြူပေး နိုင်ရန်အတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၆ မိုင်၊ ၁၁/၀ ဒသမ ၄ကေဗွီ ထရန်စဖော်မာ ၆လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁၄ ဒသမ ၅ မိုင်တို့ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့်လည်းကောင်း၊   မိုးမိတ်မြို့နယ်ရှိ  ကျေးရွာ ၁၄ ရွာသို့ ဓာတ်အား ချိတ် ဆက်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၀ ဒသမ ၈မိုင်၊ ၁၁/ ၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ ၂၁ လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း  ၂၁ ဒသမ ၉၇ မိုင်တို့ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုး ရ  ရန်ပုံငွေဖြင့်တည်ဆောက်ထားပြီးဖြစ်ပါကြောင်း။ 

ဇရက်ကွင်းမှ မိုးကုတ်သို့လက်ရှိတွင် ၃၃ ကေဗွီဖြင့် ဓာတ်အားပေးထားပါ ကြောင်း၊ သို့သော် ယင်းဓာတ်အားလိုင်းသည် နှစ်ကာလကြာမြင့်ခြင်း၊ တောတောင် ထူထပ်မှုထဲတွင် တည်ဆောက်ထားခြင်းတို့ကြောင့် မိုးကုတ်မြို့၏ လျှပ်စစ်အခြေ အနေသည် အားရမှုမရှိပါကြောင်း၊ ထို့ကြောင့် ၆၆ ကေဗွီဓာတ်အားလိုင်းအသစ်ကို  တည်ဆောက်နေခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ဓာတ်အားလိုင်းတည်ဆောက်မှုသည် ယခု မတ် လဆန်းတွင် တည်ဆောက်ပြီးစီးမည်ဖြစ်ပါကြောင်း၊ ဓာတ်အားပို့လွှတ်ရန်အတွက် ဇရက် ကွင်းနှင့် မိုးကုတ်ဓာတ်အားခွဲရုံတို့ကို မီးပိတ်၍ ဓာတ်အားလိုင်းများကိုပြောင်းပြီး ချိတ်ဆက်ရမည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း အဆိုပါ လုပ်ငန်းများကို ဆောင်ရွက်ခဲ့လျှင် စာမေးပွဲဖြေဆိုမှုနှင့် စာပေလေ့လာမှုများကို အနှောင့်အယှက်ဖြစ်မည်စိုးသောကြောင့် ယခုရက်ပိုင်းအတွင်းတွင် ထိုလုပ်ငန်းများ ဆိုင်းငံ့ထားပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကာလပြီးဆုံးသွားလျှင် ၆၆ ကေဗွီ ဓာတ်အားလိုင်းကို မတ် ၂ဝရက်မှ ၂၂အတွင်း မိုးကုတ်မြို့သို့ စတင် ထုတ်လွှတ် မည်ဖြစ်ပါကြောင်း၊ မိုးကုတ် ဓာတ်အားရရှိပြီဆိုလျှင် မိုးကုတ်မှ မိုးမိတ်မြို့ သို့ဓာတ်အားလိုင်းအသစ် တည်ဆောက်ပြီးစီးသွားပြီဖြစ်သောကြောင့် ထပ်ဆင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို မတ်လ နောက်ဆုံးပတ်အတွင်းတွင် ဆောင်ရွက်ပြီး ဓာတ်အားများကို ပို့လွှတ်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။ 

မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၏ မြေပုံမြို့ပေါ်ရှိ ပြည်သူများ၊ ငမန်းရဲကျွန်းတိုက် နယ်ရှိ ကျေးရွာများ မြေပုံမြို့နယ်အတွင်း မဟာဓာတ်အားလိုင်း ဖြတ်သန်းသွားရာဒေသ ရှိကျေးရွာများ လျှပ်စစ်မီးသုံးစွဲနိုင်ရန် မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရခိုင် ပြည်နယ် မြေပုံမြို့တွင် အိမ်ခြေ ၂၆၀၀ ခန့်ရှိရသည့်အနက် တစ်ဝက်ကျော်ကို လက်ရှိ ဓာတ်အားများ ဖြန့်ဖြူးပေး လျက်ရှိပါကြောင်း၊ မြို့ပေါ်ရပ်ကွက်များ လျှပ်စစ်မီးလင်းရန် ကျန်ရှိသည့်နေရာများ မီးလင်းရန်အတွက် ၄၀ဝဗို့ ဓာတ်အားလိုင်း ၂၀၆၀ ပေကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ၏ ဖြည့်စွက်ရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သဲတန်းရပ်ကွက်အတွက် ၁၁/ ဝဒသမ၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးတိုးချဲ့တည်ဆောက်နိုင်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ၏ ပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ရန် စီစဉ် လျက်ရှိပါကြောင်း။

 မြေပုံမြို့နယ် ငမန်းရဲကျွန်းတိုက်နယ်ရှိ ကြက်ရေကြီးကျေးရွာ၊ ၀ကောက်ကြီး ကျေးရွာ၊ ပြင်ချောင်းကျေးရွာ၊ ပြင်ငခူချောင်းကျေးရွာ၊ ငမန်းရဲကြီးကျေးရွာ နှင့် လွန်းလုံး ပိုက်ကျေးရွာစသည့်  ကျေးရွာ ၆ရွာအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၁မိုင်ခန့်နှင့် ၁၁/၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ ၈ လုံးနှင့် ၄၀၀ ဗို့ ဓာတ်အား ၅ ဒသမ ၅မိုင် တည်ဆောက်ခြင်းလုပ်ငန်း အား  ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရ၏ ရန်ပုံငွေထဲတွင် ထည့်သွင်းလျာထားပြီး ဆောင်ရွက်ပေးရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မြေပုံမြို့နယ်အတွင်း မဟာဓာတ်အားလိုင်းဖြတ်သန်းသွားရာ ဒေသတစ်လျှောက် ရှိ ကျေးရွာများအား ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် မင်းပြားဓာတ်အားခွဲရုံမှ ကြာ အင်းတောင်ကျေးရွာအထိ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၂၇ ဒသမ ၅ မိုင် တည်ဆောက် ခြင်းနှင့် ကြာအင်းတောင်ကျေးရွာတွင် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေဓာတ်အားခွဲရုံအသစ် ၁ ရုံ တည်ဆောက်ခြင်းလုပ်ငန်းများအား ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ၅ နှစ်စီမံကိန်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် တွင်ထည့်သွင်း လျာထားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဆိပ်ဖြူ မဲဆန္ဒနယ်မှ  ဦးအောင်သိုက်၏ ဆိပ်ဖြူလျှပ်စစ်ဓာတ်အားခွဲရုံမှ လက် ဆယ်ကျေးရွာထိ၊ ပင်းတလဲကျေးရွာနှင့် ဆူးလေကုန်းကျေးရွာထိ မီးတိုင်၊ မီးကြိုးများ သွယ်တန်းပြီးဖြစ်ပါ၍ မီးတိုင်၊ မီးကြိုးနှင့် နီးသော ကျေးရွာများအား လျှပ်စစ်မီးပေးနိုင် ခြင်းရှိ၊ မရှိနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ဆိပ်ဖြူဓာတ်အားခွဲရုံမှ စလင်းမြို့နယ် တညောင်ကျေးရွာအထိ တည် ဆောက်ထားသော ၁၁ ကေဗွီ ဓာတ်အားလိုင်းပတ်ဝန်းကျင်တွင် ဆိပ်ဖြူမြို့နယ်အတွင်း  ရေလည်ကျွန်း၊ ချင်တောင်၊ တောင်ငယ်လုံး၊ သံဇလုံ၊ ကမ္ဘားကြီး၊ ဂွေးပင်ချောင်း၊ ဆူး လေကုန်း၊ ခြောက်အိမ်တန်း၊ ဇီးကပ်၊ မရိုးခုံ၊ ရွာသာအေး၊ ကံသာအေး၊ ရေလည်သောင်၊ ကျီးပင် စသည့်ကျေးရွာ ၁၄ ရွာသည် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP၏ ပထမအဆင့်တွင် အကောင် အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ထားပြီး ဖြစ်ပါ ကြောင်း။

ထို့အပြင် ဆိပ်ဖြူ- ပင်းတလဲ ၁၁ ကေဗွီ ဓာတ်အားလိုင်း ပတ်ဝန်းကျင်ရှိ ချောင်း မကြီး(အရှေ့)ကျေးရွာ၊ မယ်ဇလီကွေ့ကျေးရွာ၊ ပင်းတလဲကျေးရွာနှင့် တူရွင်းမျောကျေး ရွာစသည့် ကျေးရွာ ၄ ရွာအား ဓာတ်အားချိတ်ဆက်ရယူနိုင်ရန်အတွက် လိုအပ်သော  ၁၁ကေဗွီ ဓာတ်အားလိုင်း ၂ ဒသမ ၇ မိုင်နှင့် ၁၁/ ၀ ဒသမ ၄ ကေဗွီ၊ ၂၀၀ အမ်ဗွီအေ ထရန်စဖော်မာ ၆ လုံးအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်  တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများကို ညှိနှိုင်းပေးသွားမည် ဖြစ်ပါကြောင်း၊ ဆိပ်ဖြူဓာတ်အားခွဲရုံမှ လက်ဆယ်ကျေးရွာအထိ ၁၁ ကေဗွီ ပင်မဓာတ် အားလိုင်း ၁၆ မိုင်သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးသော ဓာတ်အားလိုင်းဖြစ်ပါကြောင်း၊ အဆိုပါ ဓာတ်အားလိုင်းပတ်ဝန်းကျင်ရှိ ကျေးရွာ ၃၀ ရွာခန့်အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေး နိုင်ရန်အတွက် လိုအပ်သော ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၁၁/ ၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာများကို နှစ်အလိုက် မကွေးတိုင်းဒေသကြီးအစိုးရ၏ ဘဏ္ဍာရန် ပုံငွေတွင် ထည့်သွင်းလျာထားဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ညှိနှိုင်း ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍  ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်နှင့် မြို့သစ် မဲဆန္ဒနယ်မှ ဦးသာအောင်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းဖြေကြားသည်။

ထို့နောက် အမျိူးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့်ပြန်လည် ပေးပို့လာသော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်း သိမ်းရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များကို လွှတ်တော်သို့ တင်ပြသည်။

ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ် တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာ သည်။

ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်း သိမ်းရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များ ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြသင့်ကြောင်းကို ဥပဒေ ကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက အဆိုတင်သွင်းသည်။ 

ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က တင်ပြချက်များနှင့်စပ်လျဉ်းသည့် သဘောကွဲလွဲခြင်းကို ပြည်ထောင်စုလွှတ်တော်တွင်  ဆွေးနွေးဆုံးဖြတ်ရန်တင်ပြမည်ဖြစ်ကြောင်းနှင့်  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၈ ရက်မြောက် နေ့ကို  မတ် ၁၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။