ဒုတိယသမ္မတ ဦးမြင့်ဆွေ Crans Montana Forum ဂုဏ်ထူးဆောင် ဥက္ကဋ္ဌနှင့် တည်ထောင်သူ Ambassador Jean Poul Carteron နှင့်ခံတွေ့ဆုံ

ကာဆာဘလန်ကာ မတ် ၂၀

မော်ရိုကိုနိုင်ငံ၌ ကျင်းပသည့်  Crans  Montana Forum on Africa and South-South Cooperation  အစည်းအဝေးသို့ တက်ရောက် လျှက်ရှိသည့် ဒုတိယ သမ္မတ ဦးမြင့်ဆွေသည် Crans  Montana Forum ဂုဏ်ထူးဆောင် ဥက္ကဋ္ဌနှင့် တည်ထောင်သူ Ambassador Jean Poul Carteron နှင့် ဒေသစံတော်ချိန် မတ် ၁၉ ရက် နံနက် ၁၁နာရီ တွင် Rhapsody သင်္ဘောပေါ်ရှိ ဟိုတယ်ဧည့်ခန်းမ၌ တွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံစဉ် အာဖရိကဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများ၊ အခွင့်အလမ်းများ၊ Crans  Montana Forum နှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် ၊သံအမတ်ကြီး ဦးမြင့်လွင် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်သည် မတ် ၁၈ရက် ဒေသစံတော်ချိန် မွန်းလွဲ၃ နာရီတွင် မော်ရိုကိုနိုင်ငံ Rhapsody သင်္ဘောပေါ်ရှိ ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် Crans Montana Forum on Africa and South-South Cooperation အစည်းအဝေး၏ ပင်လယ်ရေကြောင်းဆက်သွယ်မှုနှင့် ပို့ဆောင် ရေးစင်္ကြံ နှင့်စပ်လျဉ်းသည့်ဆွေးနွေးပွဲသို့တက်ရောက် ဆွေးနွေးခဲ့သည်။

အလားတူ ဒုတိယဝန်ကြီးသည် မတ် ၁၉ရက် ဒေသစံတော်ချိန် မွန်းလွဲ၃နာရီတွင်  Rhapsody သင်္ဘောပေါ်ရှိ ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကမ္ဘာလုံး ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုများ ကာကွယ်တားဆီးနိုင်ရေးနှင့်စပ်လျဉ်းသည့် ဆွေးနွေး ပွဲသို့တက်ရောက်သည်။

ဆွေးနွေးပွဲများသို့ မော်ရိုကိုနိုင်ငံ၏ မိတ်ဖက်နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊   မြို့တော်ဝန်များ၊ ကျွမ်းကျင်ပညာရှင်များ ၊လွှတ်တော်အမတ်များ နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။(သတင်းစဉ်)