ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၃၁ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် မတ် ၂၂
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၃၁ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ယနေ့အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက ရှင်းလင်းဖြေကြားသည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးစိုင်းစံအောင်၏ ရှမ်းပြည်နယ်၊ “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသခံ တိုင်းရင်းသားများ ပညာရေးဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးမြှင့်တင်မှု တို့နှင့် စပ်လျဉ်း၍ သိရှိလိုခြင်းမေးခွန်းအပေါ် ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) လျာထားချက်စာရင်းတွင် ဟိုပန်မြို့နယ် အတွက် အဆောက်အဦသစ်လေးဆောင်၊ အန္တရာယ်ကျောင်းဆောင်အား ဖျက်သိမ်းပြီး ကျောင်းဆောင်သစ် တစ်ဆောင်၊ ဝန်ထမ်းအိမ်ရာ လေးဆောင်၊ တိုးချဲ့ကျောင်းဆောင် နှစ်ဆောင် စုစုပေါင်း ၁၁ ဆောင်၊ မိုင်းမောမြို့နယ်အတွက် တိုးချဲ့ကျောင်းဆောင် တစ်ဆောင်၊ မက်မန်း မြို့နယ်အတွက် အန္တရာယ်ကျောင်းဆောင်အား ဖျက်သိမ်းပြီး ကျောင်းဆောင်သစ် နှစ်ဆောင်၊ တိုးချဲ့ကျောင်းဆောင် သုံးဆောင် စုစုပေါင်း ခြောက်ဆောင်၊ “၀’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတိုင်းအတွက် စုစုပေါင်း ကျောင်းဆောင် ၁၃ ဆောင်နှင့် ဝန်ထမ်းအိမ်ရာ လေးဆောင်တို့ကို လျာထားပြီးဖြစ်ပါကြောင်း။
နားဖန်မြို့နယ်တွင် စကူးအခြေခံပညာမူလတန်းကျောင်း၊ ပန်ဝိုင်မြို့နယ်တွင် ကောင်းလန်း အခြေခံပညာ မူလတန်းကျောင်း၊ ရောင်လန်း အခြေခံပညာမူလတန်းကျောင်းနှင့် လာကိုင်း အခြေခံပညာမူလတန်းကျောင်းတို့သည် ပညာရေးဝန်ကြီး ဌာနပိုင်မြေတွင် စာရင်းပေါက်ခြင်း မရှိသေးပါကြောင်း၊ အဆိုပါ မြေယာများကို နိုင်ငံတော်ပိုင်အဖြစ် ဦးစွာဆောင်ရွက်ပြီးမှသာ  အဆင့်မြှင့်တင်ခြင်း၊ ကျောင်းဆောင်အသစ် ဆောက်လုပ်ခြင်းများ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ မက်မန်းမြို့နယ် ကောင်းလန်း အခြေခံပညာမူလတန်းကျောင်းအတွက်လည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေမှ ပေ ၆၀x၃၀ သွပ်မိုး၊ ပျဉ်ကာ၊ အင်္ဂတေဆောင်တစ်ဆောင် ဆောက်လုပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ “၀’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်း ပညာရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရာတွင် တင်ပြပါ မူလတန်း ကျောင်းလေး ကျောင်းအား နိုင်ငံတော် ပိုင်စာရင်းကောက်ယူခြင်း ဆောင်ရွက်ပြီးမှသာ ဘတ်ဂျက်လျာထား ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ နဂူမေ ကျေးရွာအုပ်စုတွင် ကွင်းအမှတ် (၈၄၈-င) တောင်ချောင်းပြုစု မြောက်ကွင်း (၅) ဧကကို ပညာရေးဝန်ကြီးဌာနပိုင် စာသင်ကျောင်းမြေအဖြစ်မှ စွန့်လွှတ်ပေးရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုက်နယ်ဆေးရုံမြေအဖြစ် ပြောင်းလဲပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ နဂူပေကျေးရွာ အုပ်စု၊ နဂူမေကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ ကျောင်းပိုင်မြေဟောင်း ၅ ဧကကို တိုက်နယ်ဆေးရုံ ဆောက်လုပ်ရန်အတွက် နဂူမေကျေးရွာ တိုက်နယ်ဆေးရုံဖြစ်မြောက်ရေး ကြီးကြပ်မှုကော်မတီ၏ တင်ပြမှုအပေါ် ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့သို့ တင်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ပြည်နယ်အစိုးရ၏ ကြီးကြပ်မှုနှင့်အတူ အဆိုပါမြေအား တိုက်နယ်ဆေးရုံဖြစ်မြောက်ရေးအတွက် ကိုယ်စားလှယ် တော်ကြီးနှင့် ဒေသခံပြည်သူတို့၏ ဆန္ဒနှင့် အညီ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြား သည်။
ထို့နောက် အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက် မှု အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းက ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် လွှတ်တော်ကိုယ်စား လှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်၍ မြေသိမ်းယာသိမ်း ပြဿနာများ ဖြေရှင်းရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကြားနာစေရန် အကြံပြုလိုပါကြောင်း၊ သိရှိလာသည့် အချက်များအပေါ်မူတည်၍  အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးမှတဆင့် သက်ဆိုင် ရာပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဖြစ်စေ၊ ဗဟိုမြေစစ်ကော်မတီကိုဖြစ်စေ အကြံပြု တိုက်တွန်းခြင်း၊ ညှိနှိုင်းခြင်း၊ လိုအပ်ပါကကော်မတီအနေဖြင့် လွှတ်တော်တွင် အဆိုတင်သွင်း ခြင်း နည်းလမ်းများကို ထည့်သွင်းပေးရန် အကြံပြုလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ နစ်နာ နေသည့် တောင်သူလယ်သမားများ၏အရေးကို လွှတ်တော်တွင် အတိုင်းအတာတစ်ခုအထိ ကူညီဖြေရှင်းပေးနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ နော်လှလှစိုးက ကော်မတီအနေဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်မှုများတွင်လည်း ထဲထဲဝင်ဝင်ပါဝင် ခဲ့သည့်အတွက် များစွာကောင်းမွန်ပါကြောင်း၊ အစီရင်ခံစာ အရပြည်သူများက တင်ပြလာသည့် တိုင်ကြားစာ ၆၃၀ စောင်လက်ခံရရှိသည်ဟု သိရပါကြောင်း၊ ကွင်းဆင်းဆောင်ရွက်မှု ၅ကြိမ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်လက်ပေးပို့သည့်အမှုတွဲ အစောင် ၃၀၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် အစိုးရမှ ဆောင်ရွက်ပြီးစီး၍ ပြန်လည်ပေးပို့သည်မှာ သုံးစောင်ဖြစ်သည်ဟု သိရှိရပါကြောင်း။
 မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးကိုတည်ဆောက်၍ ဒီမိုကရေစီဖက်ဒရယ် နိုင်ငံကို ဦးတည်နေသည့် အချိန်ဖြစ်ပါကြောင်း၊ အချို့သော တိုင်းရင်းသား အဖွဲ့အစည်းများ တွင်လည်း မြေယာမူဝါဒရှိသည်ဟု သိရပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မြေယာ ကဏ္ဍသည် များစွာအရေးကြီးပါကြောင်း၊ မူဝါဒများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ တောင်သူလယ်သမားရေးရာနှင့် မြေယာကိစ္စများကို မည်သို့ပူးပေါင်းဆောင်ရွက် သွားသင့်သည် ကို ကော်မတီအနေဖြင့် လေ့လာသုံးသပ် စာတမ်းတိုများ ပြုစု၍ လွှတ်တော်ကိုယ်စားလှယ် များကို အသိပညာဖြန့်ဝေပေးရန် တိုက်တွန်းလိုပါ ကြောင်း ဆွေးနွေးသည်။
ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးရှေးရယ်ရှုမောင် နှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်းတို့က ဆက်လက်ဆွေးနွေး ကြသည်။
ယင်းနောက်  အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီဝင် ဦးလင်းတင်ဌေး က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု  အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူသည်။
ဆက်လက်၍  အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက် များ စိစစ်ရေးကော်မတီက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆိုများ၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ဖတ်ကြား တင်သွင်းရာတွင် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှ အဆိုတစ်ခု၊ ကြယ်ပွင့်ပြမေးခွန်း ၆၈ ခု၊ ကြယ်ပွင့် မပြမေးခွန်း ၅၆ ခု စုစုပေါင်း ၁၂၅ ခု တင်သွင်းခဲ့ပါကြောင်း၊ အဆိုနှင့်မေးခွန်းများ ကတိဖြစ်ပေါ် မှု စိစစ်ရေးအဖွဲ့ ခြောက်ဖွဲ့ ဖွဲ့စည်း၍ ဝန်ကြီးဌာနအလိုက် စိစစ်ခဲ့ပါကြောင်း၊ ပြည်ထောင်စု ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကော်မတီတို့၏ အစည်းအဝေး အတည်ပြု ချက်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အဆိုတစ်ခု ကတိဖြစ်ပေါ် ခဲ့ကြောင်းကို အတည်ပြုချက် ရရှိခဲ့ပါကြောင်း။
ကော်မတီနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာန များနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၏ အစည်းအဝေး အတည်ပြုချက်အရ ကြယ်ပွင့်ပြမေးခွန်း ၆၈ ခုအနက် မေးခွန်း ၃၆ ခု ကတိဖြစ်ပေါ်ခဲ့ၿ့ပီး မေးခွန်း ၃၂ ခုမှာ ကတိမဖြစ်ပေါ်ခဲ့ပါကြောင်း၊ ကြယ်ပွင့်မပြမေးခွန်း ၅၆ ခုအနက် မေးခွန်း ၂၉ ခု ကတိဖြစ်ပေါ်ခဲ့ပြီး ၂၇ ခု ကတိမဖြစ်ခဲ့ပါကြောင်း၊ ကော်မတီသည် ဒုတိယအကြိမ် အမျိုးသား လွှတ်တော်၊ ပထမ ပုံမှန်အစည်းအဝေးမှ သတ္တမပုံမှန် အစည်းအဝေးအတွင်း ကိုယ်စားလှယ်များ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ ၅ ကြိမ်တိုင် ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ နောက်နောင်များတွင်လည်း ကွင်းဆင်းစစ်ဆေးသင့်သည့် ကိစ္စရပ်များကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ လမ်းညွှန်မှုကိုခံယူ၍ ထပ်မံကွင်းဆင်း စစ်ဆေး သွားမည် ဖြစ်ပါကြောင်း။
ကော်မတီသည် ပထမပုံမှန်အစည်းအဝေးမှ ပဉ္စမပုံမှန် အစည်းအဝေးအထိ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ လုပ်ငန်းပြီးစီးသည့် အဆို၊ မေးခွန်းများအား ကော်မတီသို့ ၁၉၅ ခု ပြန်လည် ပေးပို့လာပါကြောင်း၊ ပြန်လည်ပေးပို့လာသည့် အဆို၊ မေးခွန်းများအား မေးခွန်းရှင် ကိုယ်စား လှယ်များထံသို့ ဆက်လက်ပေးပို့ပြီး ကတိစာရင်းမှ ပယ်ဖျက်ရန် ဆောင်ရွက်လျက်ရှိရာ  မေးခွန်းရှင် ကိုယ်စားလှယ်များထံမှ ၄၄ ခုသာ ပြန်လည်ရရှိပါသဖြင့် ကျန်ရှိသည့် မေးခွန်း၊ အဆိုများကို ကော်မတီသို့ သတ်မှတ်ရက်အတွင်း ဆောလျင်စွာ ပြန်လည်ပေးပို့ လာပါက သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ကတိစာရင်းမှာလည်း လျော့နည်းသွားမည်ဖြစ်ပြီး မေးခွန်းရှင် ကိုယ်စားလှယ်များမှ ယခုထက်ပိုမို၍ ကော်မတီသို့ ပူးပေါင်းပါဝင် ဆောင်ရွက် ပေးနိုင်ပါရန်နှင့် ကော်မတီမှလည်း ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်း၊ အဆိုများနှင့် စပ်လျဉ်း၍ ဘတ်ဂျက်တွင် ထည့်သွင်း လျာထားနိုင်ရန်အတွက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီသို့ အချိန်နှင့် တစ်ပြေးညီ ဆက်လက် ပေးပို့လျက်ရှိပါကြောင်း တင်ပြသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက်  အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ ဝင် ဒေါ်လွီးဇာ က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ဖတ်ကြားတင်သွင်း ရာတွင် ကော်မတီသည် ပြည်သူလူထု၏ ကျန်းမာရေး အဆင့်အတန်း တိုးတက်မြင့်မားစေရန်၊ အားကစားလောက တိုးတက်စေရန်၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း ကာကွယ်ရန်၊ လူငယ်ထုအတွင်း စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ရေးများအတွက် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးများနှင့် ညှိနှိုင်းကူညီဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ ပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်အနေဖြင့် ၁၁ချက်၊ လုပ်ပိုင်ခွင့် ၉ချက်၊ ရပိုင်ခွင့်နှင့် အခွင့်အရေး ၄ချက် အသီးသီးချမှတ် တာဝန်ပေးအပ်ခဲ့ပါကြောင်း။
 ဆောင်ရွက်ချက်များအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စီမံခန့်ခွဲသော ဥပဒေများအား စိစစ်သုံးသပ်ခြင်း၊ တိုင်ကြားစာများ စိစစ်ဆောင်ရွက်ခြင်း၊ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းများအား စိစစ်သုံးသပ်ခြင်း၊  အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးများ ကျင်းပခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်ခံတွေ့ဆုံခြင်း၊ ပြည်တွင်း အဖွဲ့အစည်းများနှင့် လက်ခံတွေ့ဆုံခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် အစည်းအဝေးများ တက်ရောက်ခြင်း၊ ပြည်ပ ဆွေးနွေးပွဲများနှင့် အစည်းအဝေးတက်ရောက်ခြင်းနှင့် အားကစား ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားတက်ရောက်ခြင်းတို့ ဖြစ်ပါကြောင်း။
အကြံပြုချက်အနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆လစာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေများကို ထိရောက်စွာသုံးစွဲရန် လိုအပ်ပါကြောင်း၊ လွှတ်တော်ကတိကဝတ်များကို အခြေခံသတ်မှတ်ချက်များ ပြည့်မီအောင် ကြိုတင်ဆောင်ရွက် ထားပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ အရည်အသွေး ပြည့်မီရေး နှင့် ဘဏ္ဍာငွေများ ထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ဆောက်လုပ်ရေး လုပ်ငန်းများတွင် စနစ်တကျ ကြပ်မတ် ဆောင်ရွက်ရန် အကြံပြုအပ်ပါကြောင်း။
ကော်မတီသည် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးအထိ တစ်နှစ် တာကာလအတွင်း ကိုယ်စားလှယ်များ၏ မဲဆန္ဒနယ်မြေအလိုက် ပြည်သူလူထုနှင့်ထိတွေ့ပြီး ပြည်သူများ၏အသံကို နားထောင်၍ လည်းကောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် လိုအပ်သလို တွေ့ဆုံ၍ လည်းကောင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်ချက်များ၊ အားကစား လောကတိုးတက်ရေး ဆောင်ရွက်ချက်များ၊ ယဉ်ကျေးမှုနယ်ပယ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအတွက် အတိုင်းအတာတစ်ခုအထိ စွမ်းဆောင် ပေးနိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍လည်း ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍများအလိုက် တိုးတက်မြင့်မားစေရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တင်ပြသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၃၂ ရက်မြောက်နေ့ကို မတ် ၂၃ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်