ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၃၁) ရက် မြောက်နေ့ကျင်းပ

နေပြည်တော် မတ် ၂၂
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လမ်းမတော်မဲဆန္ဒနယ်မှ ဦးခင်မောင်ဝင်းကို သဘာပတိ အဖြစ် ရွေးချယ်တင်မြှောက်ကြပြီး သဘာပတိက ကတိသစ္စာပြု ၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် သဘာပတိ ဦးခင်မောင်ဝင်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခု အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသဖြင့် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ယင်းတာဝန်နှင့်အခွင့်အရေးကို ပေးအပ်ကြသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ ပြည်သူများက ရွေးချယ်တင်မြှောက်လိုက်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးများကို အောင်အောင်မြင်မြင်နှင့်  ကျင်းပနိုင် သည်ကို ကိုယ်စားလှယ်များအားလုံး တွေ့မြင်သိရှိပြီးဖြစ်ပါကြောင်း။
လွှတ်တော်၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေပြုရေးနှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်း ရေး လုပ်ငန်းစဉ်များကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သည့် မိမိတို့၏ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ဆောင်ရွက်ချက်များကို ယခုနေရာတွင် အသိအမှတ်ပြု၊ ဂုဏ်ယူနေမည်ဖြစ်ပါကြောင်း၊ လွှတ်တော်များသည် ဒီမိုကရေစီ အသွင်သဏ္ဍာန်ဖြင့် အနှစ်သာရ စုစည်းတည်ရှိရာ အဖွဲ့အစည်း များဖြစ်ကြသကဲ့သို့ အာဏာကို မျှတစွာ ခွဲဝေကျင့်သုံးနေသည့် အဖွဲ့အစည်းများလည်း ဖြစ်ပါ ကြောင်း။
နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးတို့ကို  ဆောင်ရွက်ပေးသည့် အဓိကအဖွဲ့အစည်းလည်း ဖြစ်ပါကြောင်း၊ ယင်း တာဝန်များကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် လွှတ်တော်ကော်မတီများက အဓိကထား ဆောင်ရွက်နေကြပါကြောင်း၊ တာဝန်ကျေပွန်နိုင်ရေးအတွက် မွန်မြတ်သည့်စေတနာ ကို အရင်းပြုပြီး လုပ်နည်းလုပ်ဟန် မှန်မှန်ဖြင့် ကြိုးစားဆောင်ရွက်နေသည်ကိုလည်း အားလုံး သတိပြုမိမည်ဖြစ်ပါကြောင်း။
ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လစ်လပ်သည့်ဥက္ကဋ္ဌနေရာကို တာဝန်ထမ်းဆောင် နိုင်ရန် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ်သွားမည် ဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် မှန်ကန်သည့် စိတ်ရင်းစေတနာထားရှိပြီး အမြော်အမြင် ကြီးမားစွာဖြင့် လုပ်ကိုင် ဆောင်ရွက် သည့် အရည်အချင်းများကို မှတ်ကျောက်တင်ကြရမည့် အချိန်အခါဖြစ်ပါကြောင်း၊ ယင်းအခွင့် အရေးကို အမိအရဆုပ်ကိုင်ပြီး ရွေးချယ်ပွဲအောင်မြင်ချောမွေ့နိုင်ရန်အတွက် ဆောင်ရွက်ပေး ကြရန် တိုက်တွန်းပါကြောင်း၊ မိမိအနေဖြင့် ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ မှန်ကန်သော ကတိ၊ တည်ကြည်သော သစ္စာတို့ဖြင့် ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားသည်။
ထို့နောက်  သဘာပတိက ပြည်သူ့လွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင် ကျင်းပကြောင်း ကြေညာပြီး အစည်းအဝေးကို ဆက်လက်ကျင်းပသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ရာ ဥက္ကဋ္ဌလောင်းများအဖြစ် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်နှင့် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးတို့ကို ရွေးချယ် တင်မြှောက်ပြီး စက်ခလုတ်နှိပ်၍ မဲခွဲဆုံးဖြတ်ရာ ကွတ်ခိုင် မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်က ထောက်ခံမဲ ၂၈၀ နှင့် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးက ထောက်ခံမဲ ၁၄၁ မဲဖြင့် ထောက်ခံမဲများသည့် ကွတ်ခိုင် မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌအား ဆက်လက်ရွေးကောက်တင်မြှောက်ကြရာ ဒုတိယဥက္ကဋ္ဌ လောင်းများအဖြစ် နောင်ချို မဲဆန္ဒနယ်မှ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်နှင့် မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းတို့ကိုရွေးချယ် တင်မြှောက်ကြပြီး စက်ခလုတ်နှိပ်၍ မဲခွဲ ဆုံးဖြတ်ရာ နောင်ချို မဲဆန္ဒနယ်မှ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန် က ထောက်ခံမဲ ၂၇၀ နှင့် မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းက ထောက်ခံမဲ ၁၄၃ မဲဖြင့် ထောက်ခံမဲများသည့် နောင်ချို မဲဆန္ဒနယ်မှ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်ကို ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်တို့က သဘာပတိရှေ့မှောက်တွင်  ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် သဘာပတိက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား တာဝန်များ လွှဲအပ်သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မိမိကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးရွယ်တင်မြှောက်ခဲ့ကြသည့် လွှတ်တော် ကိုယ်စား လှယ်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့သည် ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်ကြသည်နှင့်အညီ တွေးခေါ်ကြံဆပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံများသည် ဒီမိုကရေစီ ကျင့်စဉ် များ၊ လူ့အခွင့်အရေးစံနှုန်းများကို ခံစား၊ စံစားလိုကြသည့် နိုင်ငံသူနိုင်ငံသားများအတွက် စံနမူနာကောင်းများ ဖြစ်စေလိုပါကြောင်း။
တစ်ဦးနှင့်တစ်ဦး သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန် လေးစား ခြင်း၊ အပြန်အလှန် နားလည်မှု ရှိခြင်း၊ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံတော် နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးကို သယ်ပိုး ကြစေလိုပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ကြည်စွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီရှင်သန် ခိုင်မာမှုနှင့် လူ့အခွင့် အရေးများ မြှင့်တင်နိုင်ရန် စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရန် စသည် တို့ကို အတူတကွ လက်တွဲပူးပေါင်းပြီး အကောင်အထည်ဖော်ကြရန် တိုက်တွန်းပါကြောင်း၊ မိမိတို့အားလုံးသည် ကိုယ်ကျိုးစီးပွားထက် အမျိုးသားအကျိုးစီးပွားကို ဦးစားပေးကာ မိမိတို့ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် မိမိတို့၏ ဂုဏ်သိက္ခာကို မြင့်မားစေကြရမည် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံ၏ သမိုင်းစာမျက်နှာသစ်ကို ဖွင့်ခွင့်ရကြသူများပီပီ လွှတ်တော်ကြီး၏ ဂုဏ်ဒြပ် ပိုမိုမြင့်မားပြီး တင့်တယ်လာစေရန် စွမ်းဆောင်ကြစေလိုပါကြောင်း၊ နိုင်ငံတော်တွင် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့် အာဏာကြီးသုံးရပ် အနက် လွှတ်တော်၏ အဓိကတာဝန်သည် ဥပဒေပြုရေးဖြစ်ပါကြောင်း၊ ထို့အပြင် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်များ၊ ကြေညာချက်များသည် ဒီမိုကရေစီကျင့်စဉ်နှင့် ညီညွတ်မှုရှိ၊ မရှိ တို့ကို လေ့လာစိစစ် ကြပြီးပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နေကြ ရမည်ဖြစ်ပါကြောင်း၊ ဥပဒေပြုရေးမဏ္ဍိုင် ဖြစ်သည့် လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို လွှတ်တော် ကိုယ်စားလှယ်များက မိမိတို့အား တာဝန်ပေးအပ်သည့်အတွက် ယင်း တာဝန်ကို မိမိအနေဖြင့် လွှတ်တော်ဥပဒေဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ အဂတိတရား ကင်းရှင်းစွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီအခွင့်အလမ်းများ ပွင့်လန်းလာစေရန်၊ နိုင်ငံသား များ၏ အခြေခံလူ့အခွင့်အရေးများ ပိုမိုရရှိလာစေရန်တို့ကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ်သွားမည်ပါကြောင်း၊ လေးနက်တည်ကြည်စွာ ကတိပြုပါကြောင်း ပြောကြား သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၃၂) ရက်မြောက်နေ့ ကျင်းပမည့် ရက်ကို ထပ်မံကြေညာမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)