ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၃၂ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် မတ် ၂၃

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၃၂ ရက် မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများနှင့် စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းက ရှင်းလင်းဖြေကြားသည်။

ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင်၏ ကရင်ပြည်နယ် ဖာပွန် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ  ရရှိရေးအတွက် ယွန်းစလင်းချောင်းမှ ရေကိုလည်းကောင်း၊  ဖာပွန်မြို့နယ်၊ ကမမောင်းမြို့နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် သံလွင်မြစ်မှ ရေကို လည်းကောင်း၊  မြစ်ရေတင်စနစ်ဖြင့် သွယ်ယူဖြန့်ဖြူးပေးနိုင်ခြင်းရှိ၊ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်က ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ ဖာပွန်မြို့နှင့် ကမ မောင်းမြို့ပေါ်ရပ်ကွက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရှိရေးအတွက် ဖာပွန်မြို့အား ယွန်းစလင်းချောင်းမှ ရေကိုလည်းကောင်း၊ ကမမောင်းမြို့အား သံလွင် မြစ်မှရေကို လည်းကောင်း ရယူသုံးစွဲပြီး ပွန်တွန်းမော်တာပန့် တပ်ဆင်၍ အနည်ထိုင် ကန်၊ အကြမ်းစစ်ကန်၊ အနှေးစစ်ကန် အဆင့်ဆင့် သန့်စင်ပြီးပါက ရေကြည်ကန်မှတစ်ဆင့် ဖိအားသုံး မော်တာပန့်ဖြင့် တိုက်ရိုက်တွန်းပို့သည့် စနစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

မြို့ရေပေးရေးလုပ်ငန်းသည် လျှပ်စစ်ဓာတ်အားဖြင့် ဆောင်ရွက်ရသော လုပ်ငန်း တစ်ခုဖြစ်ပါသဖြင့် ဖာပွန်မြို့နှင့် ကမမောင်းမြို့တို့သည် ပင်မလျှပ်စစ်ဓာတ်အား လိုင်းသွယ်တန်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ဓာတ်အားလိုင်း သွယ်တန်း ပြီးစီးပါက မြို့ရေပေးဝေရေး လုပ်ငန်းကို စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းဖြေကြားသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉) ဦးမြမင်းဆွေ၏ တိုးတက်လာသည့် ခေတ်စနစ်နှင့်အညီ မြန်မာနိုင်ငံအတွင်း ခေတ်မီဖွံ့ဖြိုးတိုးတက် သာယာလှပသည့်မြို့များ ပေါ်ပေါက်လာစေရန်  နိုင်ငံတော် အစိုးရအနေဖြင့် မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင်က တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၃၅ အရ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ လျာထားချက်ကို ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြညှိနှိုင်းပြီးနောက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေ (သို့မဟုတ်) ပြည်နယ်အတွက် ပြည်ထောင်စု ဘဏ္ဍာငွေမှ ရရှိသည့် ဘဏ္ဍာငွေများ အပါအဝင် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်ရ သုံးမှန်းခြေငွေစာရင်းကို ဝန်ကြီးချုပ်၏ ထောက်ခံချက်ဖြင့် လွှတ်တော်သို့ တင်ပြ အတည်ပြုချက်ရယူကာ ထောက်ပံ့လျက် ရှိပါကြောင်း။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)အရ စည်ပင်သာယာရေး လုပ်ငန်းများသည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များကို ခွဲဝေပြီးဖြစ်သည့်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ စည်ပင်သာယာ ကိစ္စနှင့် ပတ်သက်၍  ဝန်ကြီးဌာန သီးသန့်မရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့က အစိုးရ ဌာနများတွင်ရှိသည့်  စည်ပင်သာယာရေး ဝန်ကြီး များကို ဘဏ္ဍာငွေပိုမိုရရှိရန် အတွက် တောင်းခံနိုင်ရန်နှင့် ပြည်နယ်မှရရှိသည့် အခွန်ငွေများထဲမှ ပိုမိုသုံးစွဲနိုင်ရန်၊ နည်းလမ်းများ ရှာဖွေရန် ညှိနှိုင်း အကြောင်းကြားပေးမည်ကြောင်း ဖြေကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော နိုင်ငံ့ဝန်ထမ်း ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာခြင်းကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင် သန်းက အသိပေးသည်။

ယင်းနောက် အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စား လှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေ စီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို သဘောတူလက်ခံရန် ကော်မတီ၏ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က အဆိုတင်သွင်းပြီး လွှတ်တော်၏ အတည်ပြု ချက်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုအစီရင် ခံစာကို ကော်မတီ၏ အတွင်းရေးမှူး ဦးနိုင်သီဟက  အမျိုးသား လွှတ်တော်တိုင်းရင်းသားရေးရာ ကော်မတီသည် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ လမ်းညွှန်မှုကိုခံယူ၍ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်း သားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်နှင့် တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို ဖော်ဆောင်္၍ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များကို ကူညီဖော်ဆောင်ပေးမည့် ကော်မတီတစ်ရပ် ဖြစ်စေရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန နှင့် ပူးပေါင်း၍ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကော်မတီ၏ လုပ်ငန်းတာဝန်များကို ကြိုးစားထမ်းဆောင်လျက်ရှိပါကြောင်း ဖတ်ကြား တင်ပြသည်။

အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့  ဖြိုးတိုးတက်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ကော်မတီဝင် ဒေါ်မမလေးက ဖတ်ကြားတင်ပြပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင် ရာ ကော်မတီ၏ အကြံပြုချက်၊ သုံးသပ်ချက် အစီရင်ခံစာကို ကော်မတီဝင် ဒေါ်အိအိပြုံးက  အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများ ပိုမို များပြားလာသဖြင့် ကြိုတင်ကာကွယ်ခြင်း၊ ထိရောက်စွာ အရေးယူခြင်းတို့ကို ကော်မတီမှ လေ့လာစုံစမ်း၍ လွှတ်တော်တွင် မေးခွန်းခြင်း၊ အဆိုတင်ခြင်းတို့ကို ပြုလုပ်သင့်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေကိုလည်း လွှတ်တော်တွင် အမြန်ဆုံး အတည်ပြုနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို တိုက်တွန်းသင့် ပါကြောင်း၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် အကာအကွယ်ပေးရန် လိုအပ်ပါကြောင်း ဥပဒေများကို လေ့လာပြင်ဆင်ရေးဆွဲပြဋ္ဌာန်းသင့်ပါကြောင်း ဖတ် ကြားတင်ပြသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ အစီရင်ခံနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၃၃ ရက် မြောက်နေ့ကို မတ် ၂၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့ဝင် ကိုယ်စားလှယ်၏ အမည်စာရင်းပေးအပ်နိုင်ရန်အတွက်  မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့်၏ အမည်စာရင်းအား ပေးပို့ သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ  သဘောမတူသူ မရှိသည့်အတွက်  စိစစ်ရေး အဖွဲ့ဝင်အဖြစ် အမည်စာရင်း ပေးပို့သွားမည်ဖြစ်ကြောင်း ကြေညာသည်။

အေးအေးသန့် (သတင်းစဉ်)