မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော် စက်တင်ဘာ ၂၄
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် မလေးရှားနိုင်ငံ၊ ဆာရာဝပ်ပြည်နယ်၌ အခက်အခဲ ကြုံတွေ့ နေရသည့် မြန်မာအလုပ်သမား (၈၈) ဦးအား မြန်မာသံရုံး၊ ကွာလာလမ်ပူ မြို့နှင့် ၎င်းတို့၏ ကုမ္ပဏီများမှ ပူးပေါင်းစီစဉ်သည့် Air Asia လေကြောင်း လိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇ ၀၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြပါသည်။
၂။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄) ရက် နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါသည်။
၃။ ဆက်လက်၍လည်း မလေးရှားနိုင်ငံရောက် အထောက်ထားမဲ့ မြန်မာ နိုင်ငံသား များနှင့် အကြောင်းအမျိုးမျိုးကြောင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည့် မြန်မာနိုင်ငံ သားများအား နိုင်ငံသား ဖြစ်တည်မှု မှန်ကန်ကြောင်း အထောက်အထား များ စိစစ်လျက် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေး လေယာဉ်များဖြင့် ဆောလျင်စွာ ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီး ဌာန၏ လမ်းညွှန်မှုများနှင့်အညီ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့အနေဖြင့် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။

Ref; Ministry of Foreign Affairs Myanmar