ရန်ကုန်တက္ကသိုလ်၏ ပုံရိပ်ကို ဤသို့ရေးခြယ်ခဲ့ကြသည်

“လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင် ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ” ဟု စာရေးဆရာ ဗန်းမော်တင်အောင်က ဆိုမိန့်ခဲ့ပါသည်။

လှိုင်းဂယက်ဒဏ်ကို အမျိုးမျိုးခံစားခဲ့ရ

ရန်ကုန်တက္ကသိုလ်သည် နှစ်(၁၀၀) ပြည့်ပါတော့ မည်။ ရန်ကုန်တက္ကသိုလ် မမွေးဖွားမီ ကာလကတ္တား တက္ကသိုလ်၏ လက်အောက်ခံကောလိပ်သိပ္ပံကျောင်း ဘဝမှ ရုန်းထွက်၍ မြန်မာနိုင်ငံသားတို့အတွက် မမေ့စရာ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာခဲ့သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် အမျိုးသား ကျောင်းများ ပေါ်ထွန်းလာခဲ့သည်။ ထိုမှတစ်ဆင့် ရန်ကုန်တက္ကသိုလ် မွေးဖွားသန့်စင် လာခဲ့သည်။ နယ်ချဲ့လက်အောက်တွင် ရုန်းကန်ရှင်သန် ခဲ့ရသော ရန်ကုန်တက္ကသိုလ်၏ ရာပြည့်သက်တမ်း ခရီးစဉ်သည် အဆင်းလှခဲ့သော်လည်း အနာကင်းခဲ့သည် မဟုတ်ပါ။ စိန်ပန်းပွင့်ရာ၊ ငုဝါပွင့်ရာ၊ ကံ့ကော်ပွင့်ရာ မြကျွန်းညိုသည် လှပပါပေသည်၊ ဘွဲ့နှင်းသဘင်သည် ခမ်းနားပါပေသည်၊ အဓိပတိလမ်းသည် ဣန္ဒြေရှိလှပါပေ သည်၊ သို့ရာတွင် တက္ကသိုလ်၏ ဘဝခရီးသည် မြန်မာ နိုင်ငံ၏ နိုင်ငံရေးလှိုင်းဂယက်ဒဏ်ကို အမျိုးမျိုးခံစားခဲ့ရ သည်။

ရန်ကုန်တက္ကသိုလ်၏ အရိပ်ကို ခိုလှုံကြကုန်သော ကျောင်းသားကျောင်းသူတို့သည်လည်း ဒဏ်ရာဒဏ်ချက်များ ရခဲ့ကြသည်။ ပညာရင့်လေ အသိဉာဏ်ရင့်လေဖြစ် သည့်အလျောက် နိုင်ငံ့တာဝန်ကို ထမ်းကြ၊ ပိုးကြ၊ ရုန်းကြ၊ ကန်ကြ၊ တော်လှန်ကြနှင့် ပင်ပန်းခဲ့ကြရသည်။ ပညာတတ် တက္ကသိုလ်ကျောင်းသားလူငယ်များသည်ပင် သမိုင်းပေးတာဝန်ကို ကျေကျေပွန်ပွန် ထက်ထက် မြက်မြက်ထမ်းဆောင်ခဲ့ကြသည်၊ လွတ်လပ်ရေးကို အရယူပေးခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ တာဝန်ကျေသကဲ့သို့ စာရေးဆရာများသည်လည်း တာဝန်ကျေကြသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားတို့ သမိုင်းပေးတာဝန်ထမ်းဆောင်ပုံများကို ပါးစပ်ရာဇဝင်မျှနှင့် မကျေနပ်နိုင်ကြပါ။ စာပေဖြင့် မှတ်တမ်းတင် ခဲ့ကြပါသည်။ စာပေသည် ခေတ်နှင့်မကင်းကွာပါ။ ခေတ်၏ ပုံရိပ်များကို ရေးခြယ်ပြကြရပါသည်။

အရှေ့ကနေဝန်းထွက်သည့်ပမာ

စာရေးဆရာ သိန်းဖေမြင့်သည် ရန်ကုန်တက္ကသိုလ်၏ ဆယ်ကျော်သက်အရွယ် အချိန်ကာလ၏ ပုံရိပ်များကို “အရှေ့ကနေဝန်းထွက်သည့်ပမာ” ဝတ္ထုတွင် မှတ်တမ်းတင် ထားခဲ့ပါသည်။ “အရှေ့က နေဝန်းထွက်သည့်ပမာ” ဝတ္ထုကို ၁၉၅၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ၁၉၅၈ ခုနှစ် စာပေ ဗိမာန်စာမူဆု ရရှိခဲ့သည်။ ဝတ္ထု၏ နောက်ခံကာလမှာ လွတ်လပ်ရေးတိုက်ပွဲ အရှိန်အဟုန် နိုးကြားနေသည့် ၁၉၃၆ ခုနှစ်မှ ၁၉၃၈ ခုနှစ်ခန့်အထိ ဖြစ်ပါသည်။ ဂျပန်တို့ ဝင်ရောက် စိုးမိုးသည့်အချိန်သို့ တိုင်ပါသည်။ ဇာတ်လမ်းမှာ တောနယ် လေးတစ်နယ်မှ လယ်ဝန်၏ စာရေးဖြစ်သော ဖခင်သည် မျက်နှာဖြူလူမျိုး လယ်ဝန်တို့၏ လက်အောက်တွင် စာရေး ဘဝနှင့် ရပ်တည်ရသည်မှာ မျက်နှာငယ်လွန်းသည့်အတွက် သားဖြစ်သူအား တက္ကသိုလ်သို့ ခက်ခက်ခဲခဲ ပို့ခဲ့သည်။ လယ်ဝန်ကဲ့သို့ အရာရှိ၊ အရာခံဖြစ်ရန် ရည်ရွယ်ချက်နှင့် တက္ကသိုလ်တက်ခဲ့သော ဇာတ်ဆောင် တင်ထွန်းသည် တက္ကသိုလ်၌ အမျိုးသားရေး လှုပ်ရှားမှုများကို ကြုံတွေ့ရရာ မှ ရည်ရွယ်ချက် လုံးဝပြောင်းသွားခဲ့သည်။ လွတ်လပ်ရေး တိုက်ပွဲဝင် သခင်တင်ထွန်း ဖြစ်လာခဲ့သည်။ အမျိုးသားရေး လှုပ်ရှားမှုများတွင် ပါဝင်လာသည်။ ဇာတ်ဆောင်၏ စိတ်ထားပြောင်းပြီး ဇာတ်လမ်းလည်း ပြောင်းသွားသည်။ လွတ်လပ်ရေးတိုက်ပွဲဝင်သည့် တက္ကသိုလ်ကျောင်းသား တစ်ယောက်၏ ဇာတ်လမ်းဖြစ်သွားသည်။

ထိုသို့အားဖြင့် အဓိကဇာတ်ဆောင်၏ စရိုက်ကို ပြောင်းစေသည့် ရန်ကုန်တက္ကသိုလ်ဝန်းကျင်၏ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများကို “ထိုနှစ်တွင် နိုင်ငံရေး ဆွေးနွေးပွဲများမှာလည်း ပို၍များလာ၏။ တက္ကသိုလ်သမဂ္ဂ ခန်းမကြီးထဲတွင် လူစည်ကားသော နိုင်ငံရေးတရားပွဲများ သာမက သမဂ္ဂ အတွင်းရေးမှူး အခန်း၊ ဥက္ကဋ္ဌအခန်း၊ ဒရဝမ် ကြီး ဦးကံသိန်း၏အခန်း၊ တိုလီမိုလီ ကိုထွန်းတင်၏ ဆံပင် ညှပ်ဆိုင်အခန်း၊ ကျောင်းဆောင်များရှိ သခင်ကျောင်းသားများအခန်း စသည်တို့တွင်လည်း နိုင်ငံရေးတရားပွဲများ ရှိတတ်လေသည်။ ထိုမျှသာမကသေး ညအချိန်အခါ ကျောင်းအုပ် ကြီး၏အခန်းနှင့် စာသင်ခန်းများအကြား မှောင်ရိပ်တွင် လည်းကောင်း၊ ဘွဲ့နှင်းသဘင်ခန်းမနှင့် အင်းလျားကန်ကြားရှိ မှောင်ရိပ်တွင်လည်းကောင်း တိတ်တိတ်စုဝေးကာ နိုင်ငံရေး ဆွေးနွေးခြင်းများလည်း ပြုကြသေး၏”ဟု ရေးသားတင်ပြခဲ့ပါသည်။

အမျိုးသားရေးအသိ အစွမ်းကုန်နိုးကြား

ဆယ်ကျော်သက်အရွယ် ရန်ကုန်တက္ကသိုလ်သည် သူ့အရိပ်တွင် ပညာသင်နေကြသော ကျောင်းသား တို့၏ အင်အားဖြင့် အမျိုးသားရေးအသိ အစွမ်းကုန်နိုးကြား နေသည်။ တက္ကသိုလ်ကျောင်းသားများသည် နိုင်ငံ၏ ခရီးလမ်းသစ်ကို ထွင်နေကြသည်မှာ အားတက်ဖွယ်ကောင်း ပါဘိခြင်း။ ထိုသို့သော တက္ကသိုလ်၏ အမျိုးသားရေးလှုပ်ရှား မှု အငွေ့အသက်များကြောင့် တင်ထွန်း၏ စိတ်ပြောင်းလဲ လာပုံကို “ကျွန်တော်သည် တက္ကသိုလ်ပိဋကတ်တိုက်သို့ အရောက်နည်းသည်ထက် နည်းလာသည်။ တက္ကသိုလ် ပိဋကတ်တိုက်စာကြည့်ခန်းသည် ကျွန်တော့်အဖို့ အသက် ရှူကျပ်သလိုလို၊ စွတ်စိုထိုင်းမှိုင်းသလိုလို၊ မှောင်သလိုလို ထင်မိတော့သည်။ ကျွန်တော်သည် ကျောင်းသားသမဂ္ဂ စာကြည့်တိုက်သို့သာ အရောက်များသည်ထက် များလာ ပါတော့သည်။ တက္ကသိုလ်သမဂ္ဂစာကြည့်ခန်းသည် ကျွန်တော့် အဖို့ အသက်ရှူချောင်သည်။ နှလုံးမွေ့လျော်ဖွယ်ရှိသည်။ အလင်းရောင်ထွန်းသည်။ ကျွန်တော်သည် ကျယ်ပြန့်၍ သားနားသော စာသင်ခန်းထက် ကျဉ်းကျပ်၍ နုံချာသော နိုင်ငံရေးဆွေးနွေးခန်းများကို ပိုလို့မြတ်နိုးနေပေပြီ။ နည်းပြဆရာ၏ သင်တန်းတွင် စာစီစာကုံးရေးရသည်ထက် အိုးဝေမဂ္ဂဇင်း၊ ဒဂုံမဂ္ဂဇင်း၊ တက္ကသိုလ်ကဏ္ဍနှင့် သတင်းစာ များတွင် ဆောင်းပါးရေးရသည်ကို ပိုလို့နှစ်သက် စိတ်ဝင်စားနေပြီ”ဟု တင်ပြခဲ့ပါသည်။ v စာမျက်နှာ ၆ မှ

“အရှေ့ကနေဝန်းထွက်သည့်ပမာ” ဝတ္ထုတွင် သမိုင်း မှာ အမှန်ရှိခဲ့သော ဇာတ်ဆောင်များ ပါဝင်သကဲ့သို့ စိတ်ကူးနှင့် ဖန်တီးထားသော ဇာတ်ဆောင်များလည်း ပါရှိသည်။ သမိုင်းဇာတ်ဆောင်များအဖြစ် ထိုခေတ်နိုင်ငံ ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများဖြစ်ပြီး လွတ်လပ်ရေး ရပြီးနောက် ဖဆပလအစိုးရ အဖွဲ့တွင် ပါဝင်ခဲ့သူများ ပါဝင်သည်။ စိတ်ကူးဇာတ်ဆောင်မှာ သခင်တင်ထွန်းနှင့် အမျိုးသမီး ဇာတ်ဆောင်များဖြစ်သော စီးပွားရေးသမား မမြမှီ၊ နိုင်ငံရေးကို စိတ်မဝင်စားသော ဂုဏ်ထူးတန်း ကျောင်းသူ မမြင့်ဦးနှင့် ငယ်ရွယ်သူဖြစ်ပါလျက် အမျိုးသား ရေးစိတ်ဓာတ်ထက်သန်သော မခင်သစ်တို့ ဖြစ်သည်။

ဒုတိယတက္ကသိုလ်ကျောင်းသားသပိတ်တွင် ကျဆုံး ခဲ့ရသော ဗိုလ်အောင်ကျော်ကို “ကျွန်တော်တို့ အထဲတွင် ကိုအောင်ကျော်၏ မျက်နှာမှာ အထူးခြားဆုံးဖြစ်ပေသည်။ မာတောက်တောက် ကြွပ်ဆတ်ဆတ်နိုင်လှသော မျက်နှာ နှင့် ကတုံးဘိုကေကို တစ်ခါမြင်ပြီးလျှင် မမေ့နိုင်ပေ”ဟု သမိုင်း ဇာတ်ဆောင်အဖြစ် မှတ်တမ်းတင်ထား သည်။

အဆုံးစွန် ထမ်းဆောင်ခဲ့ကြ

ထိုအချိန်ကဖြစ်ပွားခဲ့သော လူမျိုးရေးအဓိကရုဏ်း တွင် သွေးဆူနေသော ကျောင်းသားတပ်ကြီးနှင့် ကျောင်းသားခေါင်းဆောင်များ ပါဝင်လှုပ်ရှားကြပုံကို “ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုအောင်ဆန်းနှင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဗဟိန်းတို့လည်း ရောက်ရှိလာကြသည်။ နည်းပြဆရာ ကိုကျော်ငြိမ်းနှင့် ကိုသာလှတို့လည်း လာရောက်ကြသည်။ အခြားကျောင်းသားခေါင်းဆောင်များကိုလည်း တွေ့ရလေ သည်”ဟု ရေးသားခဲ့သည်။ ဆယ်ကျော်သက် အရွယ် ရန်ကုန်တက္ကသိုလ်သည် အမျိုးသားရေး လှုပ်ရှားမှုများနှင့် သက်ဝင်လှုပ်ရှားနေသည်။ ရန်ကုန်တက္ကသိုလ်၏ ရင်သွေး ရင်နှစ်များသည် မိမိပခုံးပေါ်ကျလာသည့် သမိုင်းပေး တာဝန်ကို အဆုံးစွန် ထမ်းဆောင်ခဲ့ကြသည်။

လွတ်လပ်ရေးရပြီးနောက် ဖဆပလအဖွဲ့အာဏာရစဉ်တွင် ဝန်ကြီးတစ်ဦးဖြစ်လာခဲ့သော ဦးကျော်ငြိမ်း၏ ရန်ကုန်တက္ကသိုလ်၌ ဆရာအဖြစ်နှင့် ရှိနေဟန်ကို သိန်းဖေမြင့်က “သူ့မှာပိန်လှသည့်အပြင် ပြိုလဲတော့မည့် ကိုယ်အနေမျိုးရှိလေသည်။ ဝတ်ထားသောအပေါ်အင်္ကျီမှာ သူပိုင်မှ ဟုတ်ပါလေသလား ဟု သံသယဖြစ်လောက်အောင် ချောင်၍တွဲကျနေလေသည်။ လေယာဉ်ပျံကွင်းထိုးဖိနပ်ကို လည်း အားရှိပါးရှိစီးနင်းမထား။ တေ့ရုံတေ့ထားဟန်ရှိ သည်” ဟု သရုပ်ဖော် ခြယ်မှုန်းပြထားသည်။ ထိုစဉ်က ဦးကျော်ငြိမ်းသည် ဘီအေအောင်ပြီး အင်္ဂလိပ်စာဌာနတွင် နည်းပြဆရာလုပ်နေသည်ဟု ဖော်ပြထားသည်။

စာရေးဆရာ သိန်းဖေမြင့်သည် မိမိကိုယ်ကို အရန် ဇာတ်ဆောင်၊ သမိုင်းဇာတ်ဆောင်အဖြစ် ထည့်သွင်း လှုပ်ရှားစေပြန်သည်။ ဇာတ်ဆောင်သခင်တင်ထွန်း၏ အမြင်ဖြင့် “သူကား ဆရာ ကိုကျော်ငြိမ်းတို့ အရွယ်မှာရှိပြီး ချည်လုံချည်နှင့် ပင်နီအင်္ကျီကို ဝတ်ဆင်ထားသဖြင့် သခင် တစ်ယောက် ဖြစ်လိမ့်မည်ဟု ခန့်မှန်းရပါသည်။ သူ့မှာ အရပ်မတိုမရှည်နှင့် ပိန်ပိန်ပါးပါးဖြစ်သည်။ သို့သော် ကြီးမားသော ရှေ့သွားနှစ်ချောင်းပေါ်နေအောင် သွားဖြဲ ကြီးနှင့် ဖြစ်သည်။ သူ့မျက်ခုံးများသည် အဘယ်မျှ ထူပါ သနည်းဆိုသော် မျက်မှန်၏ ထူသော ကျွဲကော်ကိုင်းကိုပင် လွှမ်းမိုးနိုင်ပေသည်။ သူကား တက်ဘုန်းကြီး ကိုသိန်းဖေ ဖြစ်သည်ဟု သိရ၏”ဟု ဖော်ပြခဲ့သည်။

မြန်မာ့လွတ်လပ်ရေးအတွက် အရေးပါသည့်ကဏ္ဍ များတွင် ရန်ကုန်တက္ကသိုလ်သည် ပါဝင်နေသည်။ ထိုပုံရိပ် များကို စာရေးဆရာသည် ရာပြည့်ခရီးတိုင် အရိပ်ထင်နေ အောင် ဆောင်ကြဉ်းလာခဲ့ပါသည်။

ရုပ်ပုံလွှာအဖွဲ့များဖြင့် မှတ်တမ်းတင်ခဲ့ပြန်

ဒဂုန်တာရာသည်လည်း ရန်ကုန်တက္ကသိုလ်၏ ပျိုရွယ် နုနယ်သည်နှင့်အမျှ ပင်ပန်းလှသော ပုံရိပ်များကို ရုပ်ပုံလွှာ အဖွဲ့များဖြင့် မှတ်တမ်းတင်ခဲ့ပြန်သည်။ ထိုစဉ်က တက္ကသိုလ် ကျောင်းသားများအဖြစ်နှင့် နိုင်ငံရေးကို ဆောင်ရွက်ရင်း နိုင်ငံ့ခေါင်းဆောင်များ ဖြစ်လာကြသည့်ပုံရိပ်များ ပါဝင်သည်။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် သခင်ဗဟိန်း၊ သခင်ဗဆွေ၊ ကိုကျော်ငြိမ်း၊ သခင်သန်းထွန်း၊ သခင်နုတို့ ပါဝင်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝပုံရိပ် ကို ဒဂုန်တာရာက သူ့ရှုထောင့်မှနေ၍ “သိသောသူများ အနက် ကိုအောင်ဆန်းမှာ ထူးခြားသောဟန်ဖြင့် ပေါ်လွင် နေ၏။ ထူးခြားခြင်းကား ချစ်စဖွယ်ပြုံးပြသော သခင်ဗဟိန်း ကဲ့သို့ ခင်မင်စရာ လူတစ်ယောက်ကဲ့သို့ မဟုတ်။ ကိုကြီးနုလို မှုန်ငေးရီဝေသောအကြည့်ဖြင့် လူတစ်ဖက်သားကို ညှို့ယူသော စိတ်ညှို့အိပ်ငွေ့ချသမားဆန်ဆန် လူမျိုးလည်း မဟုတ်၊ ချစ်ခင်စွဲငြိဖွယ်ရာမျိုးကား လုံးဝမဟုတ်၊ မှုန်ကုပ်ကုပ် ကြောင်စင်းစင်းနှင့် …။ မှုန်ကုပ်ကုပ် တစ်စုံ တစ်ရာကို အာရုံစိုက်၍ တွေးတောကြံဆနေသဖြင့် အတွင်း မှ လေးနက်ထက်သန်စွာ တွေးတောခြင်းမှ အပြင်မျက်နှာ အမူအရာ၌ မျက်မှောင်ကုပ်ဟန်ဖြင့် ထင်ရှားစွာ ဖော်ပြလျက် ရှိနေသည်”ဟု သရုပ်ဖော်ရေးဖွဲ့သည်။

သခင်အောင်ဆန်းသည် ပဲခူးဆောင်ကျောင်းသား ဖြစ်သည်။ အခန်းထဲ၌လည်း စာအုပ်များ ပြန့်ကျဲနေ တတ်သည်။ သူသည် ဘာကိုမျှ ဂရုမစိုက်။ ပြည်သူကို နှုတ်ဖြင့် စကားများများ မပြောအားပါ။ နယ်ချဲ့လက်အောက် တွင် နာတာရှည်လူမမာကြီး ဖြစ်နေရသော မြန်မာနိုင်ငံကို ကယ်တင်ရန် တစ်ခုတည်းသာ သူ့အာရုံမှာရှိသည်။ ပြည်သူ့ ဘဝတွေကိုသာ ခံစားသည်။ ထိုသို့သော သခင်အောင်ဆန်း ၏ ပုံရိပ်ကို ဒဂုန်တာရာက “ရှေ့ကိုမျက်လုံးကြီးစိုက်ကာ ဗမာပြည်ကြီး လွတ်လပ်ရေးရအောင်ဟု ဒလဟောစီးကျ သော စမ်းရေအဟုန်ဖြင့် သွန်ချလျက်ရှိတတ်သည်”ဟု လည်းကောင်း၊ “ထိုအခါများတွင် ဘယ်သူမှ ကြားဖြတ်ဝင် ပြော၍မရ၊ နေဦး--- ကျုပ်ပြောဦးမယ် ဟူ၍ပင် လက်ဖြင့် ကာလျက် စိတ်ပါလက်ပါပြောလျက်ရှိနေ၏။ ကျွန်တော်တို့ မှာ ပြုံး၍သာနေကြရသည်။ ဤမျှနိုင်ငံရေးစိတ်ဓာတ် ပြင်းထန်သည်”ဟု လည်းကောင်း ဒဂုန်တာရာက မှတ်တမ်း တင်ခဲ့ပါသည်။ ဒဂုန်တာရာကပင် နိုင်ငံရေးသမားပီသပုံကို “သူ့တွင် နိုင်ငံရေးရည်ရွယ်ချက်ကလွဲ၍ အခြားကိုယ်ရေး ကြီးပွားမှု၊ ကိုယ်ရေးအာသာဆန္ဒ၊ ကိလေသာရမ္မက် ဖြည့်မှုတို့နှင့် ရောထွေးကပ်ငြိခြင်းမရှိ၊ နိုင်ငံရေးသမား အဖြစ် ပြည့်ဝကုံလုံခြင်းရှိသည်။ စာပေနှင့်မကင်းကွာ”ဟု မှတ်ချက်ချခဲ့ပါသည်။

အောင်ဆန်း သို့မဟုတ် အရိုင်းဆိုသည့် ရသ စာတမ်း

ကျောင်းသားဘဝက လူမှုရေးကို အလေးမထားနိုင် သော်လည်း နှလုံးသားမှာမူ ဖြူစင်နူးညံ့လှသည်။ ဒဂုန် တာရာက အောင်ဆန်း သို့မဟုတ် အရိုင်းဆိုသည့် ရသ စာတမ်းရေးခဲ့ရာတွင် သခင် အောင်ဆန်းက “တာရာကတော့ ငါ့ကိုအရိုင်းတဲ့ကွာ၊ ငါဟာ စင်စစ်တော့ ရိုင်းသလောက် ရိုင်းပါတယ်၊ ဒါပေမယ့် မရိုင်းတဲ့အချက်ကလေးတွေလည်း ရှိပါသေးတယ်ကွာ” ဆိုသောအပြောက သက်သေခံနေ ပါသည်။

သခင်အောင်ဆန်းတွင် ကံ့ကော်တော၌ ဘဝပေး၍၊ အသည်းပေး၍ ချစ်ရမည့်သူလည်း မရှိခဲ့ပါ။ ရှိမည်ဆိုလျှင် သူချစ်သောအမိမြန်မာနိုင်ငံသာဖြစ်ပါလိမ့်မည်။ သခင် အောင်ဆန်းအတွက်တော့ ရေလှိုင်းခတ်သံ၊ သစ်ရွက် ကြွေသံ၊ ကျေးငှက်မြည်သံတို့ကို ကြားမိမည်မထင်ပါ။ တက္ကသိုလ်ကျောင်းက ငွေလဝန်းကိုလည်း ကြည့်အား မည်မထင်ပါ။ သို့ရာတွင် သူသည် အမိရန်ကုန်တက္ကသိုလ် ၏ ကျောင်းတော်သားတစ်ယောက် ဖြစ်ခဲ့ပါသည်။

ထိုခေတ်တက္ကသိုလ်တွင် ရှိနေခဲ့ကြသော သူတို့၏ ပုံရိပ်အမျိုးမျိုး

၁၉၈၅ ခုနှစ်ခန့်တွင် ရန်ကုန်တက္ကသိုလ် စိတ်ပညာ ဌာနမှ ဆရာဦးခင်မောင်တင့်သည် တက္ကသိုလ် ဘုန်းနိုင် အမည်ဖြင့် “ညီမလေးရယ် စိုးရိမ်မိတယ်” ဝတ္ထုကို ရေးခဲ့ပါသည်။ တက္ကသိုလ် ဆရာလေး ဦးမြင့်သူသည် တက္ကသိုလ် ကျောင်းသူ မေဘယ်လ်နှင့် ချစ်ခဲ့ကြသည်။ မေဘယ်လ်သည် ကိုမြင့်သူကို စွန့်ပစ်ပြီး နိုင်ငံခြားသို့ ထွက်သွားခဲ့သည်။ တစ်ချိန်တွင် မေဘယ်လ်၏ ညီမ မေရီနှင့် ဆရာ ကိုမြင့်သူတို့ တွေ့ဆုံကြပြီး ချစ်ခဲ့မိကြသည့် ဇာတ်လမ်း ဖြစ်သည်။ ထိုဝတ္ထုသည် အလွန်နာမည်ကျော် ကြားခဲ့သည်။ လူငယ်များအား တက္ကသိုလ်သို့ ရောက်လို ဇော ထက်သန်စေခဲ့သည်။ ဝတ္ထု၏ ဖမ်းစားမှုကြောင့် ရန်ကုန်တက္ကသိုလ်သက်တမ်း အနှစ် ၄၀ ခန့်တွင် တက္ကသိုလ်သို့ ရောက်ကြသော ကျောင်းသား ကျောင်းသူ များကို လွှမ်းမိုးနိုင်ခဲ့သည်။ ဝတ္ထုနောက်ခံဖြစ်သည့် ဝိဇ္ဇာ မဟာဌာနရှိ စိတ်ပညာဌာန၊ ဒဿနိကဌာနများသို့ သွား၍ ကြည့်ကြသည်။ ဆရာ ဦးမြင့်သူနှင့် မေရီတို့ ဆုံတွေ့ရာ နေရာများအဖြစ် ကြည့်ကြခြင်းပါ။ ဆရာဦးမြင့်သူသည် မည်သူဖြစ်မည်နည်းဟု ရှာကြသည်။ မေရီကိုလည်း ရှာကြသည်။ ထိုမျှ လွှမ်းမိုးနိုင်ခဲ့သော တက္ကသိုလ် ဘုန်းနိုင်၏ ဝတ္ထု၌ ထိုခေတ်တက္ကသိုလ်တွင် ရှိနေခဲ့ကြ သောသူတို့၏ ပုံရိပ်အမျိုးမျိုးကို တွေ့ရသည်။

လွတ်လပ်ရေးရပြီး ဆယ်နှစ်ကျော်ကာလဖြစ်၍ နိုင်ငံရေးမတည်ငြိမ်မှုများသည် တက္ကသိုလ်လောက၌ ဂယက်ရိုက်လျက်ရှိသည်။ ထိုခေတ်က တက္ကသိုလ်တွင် ကိုလှဝေကဲ့သို့ နိုင်ငံရေးမှိုင်းမိကာ ချစ်သူကို စွန့်ခွာ၍ လေလွင့်ပျက်စီးနေသူများရှိသည်။ ငြိမ်းကဲ့သို့ မျက်မှန် ထူထူတပ်ကာ စာပေ၌ မွေ့လျော်သူများ ရှိသည်။ တက္ကသိုလ်တွင် နှစ်ရှည်လများ မအောင်မချင်း ပျော်ပျော်ကြီး နေသူများလည်းရှိသည်။ ထိုသို့အားဖြင့် တက္ကသိုလ်ရှိ အလှအမျိုးမျိုး၊ ဘဝအမျိုးမျိုးကိုလည်း အနုစိတ် ခြယ်မှုန်းပြထားပါသည်။ တက္ကသိုလ်နှင့်ပတ်သက်သော အဖွဲ့အနွဲ့များသည် တိမ်းညွတ်ဖွယ်ဖြစ်၍ စာဖတ်သူတို့၏ စိတ်ကို အချိန်ရှည်ကြာစွာ လွှမ်းမိုးစေခဲ့သော အနုပညာ လက်ရာများဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ်၏ အရိပ်ခိုခဲ့သူများသည် ကျရာ နေရာမှနေ၍ နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင် ခဲ့ကြပါလိမ့်မည်။ စာပေရေးဖွဲ့သူတို့ကလည်း သူ့ဘဝပေး တာဝန်အရ တက္ကသိုလ်ကို မှတ်တမ်းတင်၍ မဆုံးနိုင် တော့ပါ။

ရန်ကုန်တက္ကသိုလ် ကမ္ဘာတည်သရွေ့ အသက် ရှည်ပါစေ။ ကျန်းမာချမ်းသာပါစေ။ ။

မမိုးမြေ