ကျွန်တော်နှင့် စေတနာမျှဝေခြင်း

လူတို့၏ရင်ထဲ၌ အပြန်အလှန်ထိန်းကျောင်းသည့် စိတ်နေသဘောထား နှစ်ခုအကြောင်းကို ကျေးဇူးရှင် ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဟောကြားမှုများတွင် နာယူမှတ်သားမိပါသည်။ ယင်းတို့မှာ မေတ္တာနှင့် ဥပေက္ခာတို့ပင်ဖြစ်သည်။ မေတ္တာ၏ စွမ်းအားကြောင့်ပင် ပရဟိတ အလုပ်များကို လုပ်ဆောင်နိုင်ကြပါသည်။ ပရဟိတအလုပ်နှင့်ပတ်သက်၍ သူတစ်ပါးထံမှ တစ်စုံတစ်ရာမျှော်မှန်းခြင်း၊ ကျေးဇူးတင်ခံလိုခြင်း စသောစိတ်ထားများကို ဥပေက္ခာတရားဖြင့် ဖယ်ရှားပေသည်။ ဥပေက္ခာသည် မိမိတို့၏ မေတ္တာစွမ်းအားကို သန့်စင်မြင့်မားစေသည်။ မိမိတို့၏ မေတ္တာတရားမပျက်ပြားစေဖို့ ဥပေက္ခာတရားဖြင့် ထိန်းကျောင်းကြရပေသည်။

လူသည် သေမျိုးဖြစ်သည် ဟူသော ဆိုစကားကို အားလုံးသိရှိပြီး ဖြစ်ပါသည်။ မိမိတို့ရှာဖွေစုဆောင်း ထားသော ပစ္စည်းဥစ္စာ မှန်သမျှ မိမိသေဆုံးသောအခါ အားလုံး ထားခဲ့ကြရစမြဲ ဖြစ်သည်။ မည်သူတစ်ဦး တစ်ယောက်မျှ ယူဆောင်သွားနိုင်စွမ်း မရှိပါ။ သို့သော်လည်း မြတ်ဗုဒ္ဓ၏ အဆုံးအမ များတွင် ယူသွားလို့ရသည့် နည်းလမ်းတစ်ခုကို ဖော်ပြမိန့်ကြားထားပါသည်။ မိမိပိုင် ပစ္စည်းကို ဒါနကုသိုလ်အဖြစ် ပြောင်းလိုက် လျှင်မူ သင်သေသွားသောအခါ သင်နှင့်အတူ ပါလာပေလိမ့်မည်ဟု ဖြစ်ပါသည်။

မိမိတို့၏ မေတ္တာတရားဖြင့် သူတစ်ပါး ကို လွှမ်းခြုံစေခြင်းဖြင့် သူတစ်ပါး၏ မေတ္တာ တရားသည်လည်း ကိုယ့်ကို ပြန်လည်လွှမ်းခြုံ စေပါသည်။ ဤသည်ပင် မိမိတို့လူသား အားလုံးအတွက် မေတ္တာကမ္ဘာမှာ ခိုလှုံနိုင် အောင် ဆောင်ရွက်ခြင်းဖြစ်သည်။ ‘ဇာတက လာ “ဒုခိတဿ သက္ကစ္စ ကရောတိ ကိစ္စံ အဆိုအမိန့်၏ အနက်အဓိပ္ပာယ် ဖြစ်သော ‘ဒုက္ခရောက်နေသူကို ကယ်တင်ရန် ကူညီသူ သည် သူတော်ကောင်းဖြစ်သည် ဟူသော အဆိုအမိန့်နှင့်အတူ သူတော်ကောင်း တရားနှင့် ကျင့်ကြံနေထိုင်ဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ‘စေတနာမျှဝေခြင်း အစီအစဉ်သည် မွေးဖွား လာရပါသည်။

မျှဝေခြင်းအစ တောင်ငူတက္ကသိုလ်က

မျှဝေခြင်း၏ အဦးအစကို တောင်ငူ တက္ကသိုလ်တွင် စတင်ခဲ့ပါသည်။ ထိုစဉ်က မိမိတောင်ငူတက္ကသိုလ်တွင် ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလ ဖြစ်ပါသည်။ တောင်ငူတက္ကသိုလ်သည် တောင်ငူမြို့၏ အနောက်ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိပါသည်။ မိမိပါမောက္ခချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ရန် ၂၀၀၈ ခုနှစ် တွင် ရောက်ရှိပါသည်။ ပထမဆုံး စတင် တွေ့ရှိရသည့် အခက်အခဲမှာ ရေအခက်အခဲ ဖြစ်ပါသည်။ သောက်ရေမဆိုထားနှင့် သုံးရေပင် တွင်းများမှ သံဓာတ်ပါသော ရေများ ထွက်ရှိပါသည်။ မည်မျှပါသနည်းဆိုမူ သံချေးဖတ်များ အဝါရောင် အဖတ်လိုက် ဖြစ်နေအောင် ပါပါသည်။ ရေကောင်းရေသန့် ပေါများသော ရန်ကုန်မှ ပြောင်းရွှေ့လာသော မိမိတစ်ဦးတည်းတွင်သာ အခက်အခဲရှိသည်မဟုတ် အခြားပြောင်းရွှေ့လာသည့် တက္ကသိုလ်တွင် အတူနေ ဆရာ ဆရာမနှင့် ဝန်ထမ်းများအဖို့ပါ အခက်အခဲတစ်ရပ် ဖြစ်ခဲ့ပါသည်။ သောက်မရရုံသာမက သုံးဖို့ပင် အခက်အခဲ ဖြစ်ကြရပါသည်။ ရေကို ညသိပ်ထားမှ သုံးဖြစ်ရုံသာ ရှိပါသည်။ ယင်းပြဿနာ ကို မိမိရောက်ပြီး မကြာမတင်ကာလတွင်ပင် အတွေ့အကြုံရှိသူများနှင့် တိုင်ပင်ပြီး ရေစစ် ကန်များ၏ ရေစစ်သောစနစ်ကို ပြန်လည် ကောင်းမွန်စေရန် ဖန်တီးပြီး သံချေးဖတ်များ ကင်းစင်သောရေအဖြစ် ပြောင်းလဲသုံးစွဲနိုင်ခဲ့ ပါသည်။ သို့ဖြစ်၍ သုံးရေ အဆင်ပြေခဲ့သည်။ သို့သော် သုံးရေရလင့်ကစား သောက်သုံးရန် မှာမူ သင့်တော်သောအဆင့်သို့ မရောက်ရှိခဲ့ပါ။ သံဓာတ်နှင့် အခြားသတ္တုဓာတ်များ အလွန်များပြားစွာ ပါသည့်အတွက်ကြောင့် ဖြစ်ပါသည်။ သောက်သုံးရေ၊ ထမင်းဟင်း ချက်ပြုတ်ရန်တို့ကို တောင်ငူမြို့မှ လာသော သောက်ရေသန့်ကို အသုံးပြုခဲ့ကြရပါသည်။ ဤသည်ကား ရေနှင့်ပတ်သက်၍ အဦးအစ အခက်အခဲပင် ဖြစ်ပါသည်။ သောက်ရေသန့်အတွက် တောင်ငူမြို့မှ လာရောက်ပို့ဆောင်သည့် ရေသန့်ကားကို မျှော်ခဲ့ကြရပါသည်။

တက္ကသိုလ်ကျောင်းတွေ ပြန်ဖွင့်ပါပြီ။ ထိုအချိန်က တောင်ငူတက္ကသိုလ်၌ စာသင်ဆောင်များသာရှိပြီး ညအိပ်နိုင်သည့် ကျောင်းဆောင်များ မရှိသည့်အတွက် ကျောင်းသူ ကျောင်းသား အများစုမှာ တောင်ငူမြို့ထဲတွင် နေကြရပါသည်။ ကျောင်းဖွင့်ခြင်းနှင့်အတူ တောင်ငူ တက္ကသိုလ်၏ ကျောင်းသားများ၊ မြို့နှင့် အနီး အနားရွာများတွင် နေထိုင်သော ဝန်ထမ်း များဖြင့် ပြန်လည်စည်ကားလာပါသည်။ ဝန်ထမ်းအင်အား ၄၀၀ ကျော်၊ ကျောင်းသူ ကျောင်းသား ၄၀၀၀ ကျော်နှင့်အတူ တက္ကသိုလ်သည် ပြန်လည်နိုးထလာခဲ့ပါ သည်။ ဤတွင်လည်း သောက်သုံးရေသည် ဤမျှများပြားသော လူများအတွက် အနည်း နှင့်အများ အခက်အခဲများကို ထပ်မံ ကြုံတွေ့ ရဆဲဖြစ်ပါသည်။ သောက်သုံးရေကား မလာသော၊ အရောက်နောက်ကျသော ရက်များ တွင် ကျောင်းသူ ကျောင်းသားများနှင့် ဆရာ ဆရာမများအားလုံး မျှဝေသုံးစွဲခဲ့ကြရပါသည်။

တစ်နေ့ ကထိကဆရာတစ်ဦး (ယခု ပါမောက္ခချုပ်၊ မအူပင်တက္ကသိုလ်)ရောက် လာသည်။ သူနှင့်အတူ သတင်းတစ်ခုကို သယ်ဆောင်လာသည်။ အဝေးသင်ဌာန တည်ရှိရာ အဆောင်၏ နောက်ဘက်တွင် ရေလျှံတွင်း တစ်ခုရှိကြောင်းနှင့် ယင်းရေလျှံ တွင်းမှ ရေကို စစ်ဆေးပြီး သောက်သုံးရေ အတွက် အသုံးပြုရန်ဖြစ်ကြောင်း တင်ပြလာ ပါသည်။ ထိုသည့်အတွက် ယင်းရေကို ဆိုင်ရာဓာတ်ခွဲခန်းများသို့ ပေးပို့စစ်ဆေးခဲ့ ပါသည်။ စစ်ဆေးချက်ရလဒ်အရ ရေသန့်စက် တစ်ခု တပ်ဆင်အသုံးပြုနိုင်လျှင် တစ်ကျောင်းလုံး သောက်သုံးရေ ရရှိနိုင်ပါ မည်။ ထိုသည့်အတွက် ရေသန့်စက်တစ်ခု တပ်ဆင်အသုံးပြုရန် လိုအပ်ပြီး ကုန်ကျငွေ မှာ ၁၅ သိန်းခန့်ဖြစ်သည်။ ဝန်ထမ်းတစ်ဦး ချင်းအဖို့ ယင်းငွေကြေးပမာဏသည် သုံးစွဲ နိုင်သောအခြေအနေတွင် မရှိသော်ငြား ဝန်ထမ်းအားလုံး၏ စုပေါင်းထည့်ဝင်လျှင်မူ ဖြစ်နိုင်ပါသည်။ ဤသို့ဖြင့် ဌာနအားလုံးကို အသိပေးဖြစ်ပါသည်။ ခဏတာအတွင်းမှာပင် စုပေါင်းထည့်ဝင်မှုဖြင့် လိုအပ်သော ငွေကြေး ရရှိခဲ့ပါသည်။ ဤသို့ဖြင့် သောက်ရေသန့် စက်ကြီးတစ်ခု ဖြစ်တည်ခဲ့ပြီး တက္ကသိုလ်အတွက် သောက်သုံးရေကို ချိန်ခါမရွေး သုံးစွဲနိုင်ခဲ့ကြပါသည်။ ယင်းမျှဝေခြင်း အစီအစဉ်သို့ ဝန်ထမ်းတိုင်း ပါဝင်ခဲ့ကြပါသည်။ မှတ်မှတ်ထင်ထင် ညစောင့်ဝန်ထမ်း တစ်ဦးက ကျွန်တော် ကနေ့လက်ဖက်ရည်ဖိုး ၂၀၀ ဆရာကြီးတို့ မျှဝေခြင်းအစီအစဉ်တွင် ပါဝင်ခဲ့ကြောင်း ပြောစကားကို ယနေ့တိုင် အမှတ်ရမိသည်။ ငွေကြေးပမာဏ များသည်၊ နည်းသည်မဟူ လူတိုင်းပါဝင်ဆောင်ရွက် ခဲ့သည့် စေတနာမျှဝေခြင်းကြောင့် တက္ကသိုလ်တစ်ခုလုံး လိုအပ်သည့် အချိန် တိုင်း သောက်သုံးရေကို ရယူသုံးစွဲနိုင်ခဲ့ကြ ပါသည်။ ဤသည့်အတွက်ပင် စေတနာမျှဝေ ခြင်းအစ တောင်ငူတက္ကသိုလ်ကဟု ဆိုခြင်း ဖြစ်ပါသည်။

ကျွန်တော့်ဘဝ၏ ဒုတိယစေတနာ မျှဝေခြင်းကို တောင်ငူတက္ကသိုလ်မှာပင် ဆောင်ရွက်ဖြစ်ခဲ့ပြန်ပါသည်။ မိမိတက္ကသိုလ် အတွင်း ဌာနစုံပါဝင်သည့် သုတေသနတစ်ခု ဆောင်ရွက်ခဲ့ပါသည်။ System of Rice Intensification(SRI) စနစ်ဖြင့် စပါးစိုက်ပျိုး နည်းအပေါ် သုတေသနပြုချက်ဖြစ်ပါသည်။ မိမိအပါအဝင် ဌာနစုံမှ သုတေသန ၁၁ ခုကို လုပ်ဆောင်ဖြစ်ပါသည်။ သုတေသနရလဒ် ထွက်ပေါ်အပြီး ဒေသခံတောင်သူလယ်သမား များထံ ဖြန့်ဝေပေးရေးအစီအစဉ်အတွက် တက္ကသိုလ်မှာပင် ဟောပြောပွဲများ သုံးကြိမ် တိုင် ကျင်းပပေးခဲ့သည့်နည်းတူ ပဲခူးတိုင်း အရှေ့ခြမ်းကို မိမိတို့အစီအစဉ်ဖြင့် ပညာရပ် ဆိုင်ရာ ဟောပြောပွဲများ ကျင်းပပေးခဲ့သည်။ ပဲခူးတိုင်းအနောက်ခြမ်းကိုမူ ယခင်အစိုးရ လက်ထက် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းတင်၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ရပါသည်။ မိမိဘဝအတွက် ဥက္ကဋ္ဌ၏ သုတေသနအပေါ် စိတ်ဝင်စားမှုနှင့် စိတ်ရင်း ဖြင့် ကူညီဆောင်ရွက်ပေးခဲ့မှုများကို မိမိ တစ်သက် မေ့နိုင်မည်မဟုတ်ပါ။ တက္ကသိုလ် တွင် ကျင်းပသည့် သုတေသနရလဒ်များကို ဖြန့်ဝေသည့် ဟောပြောပွဲများတွင် သုတေသနအတွက် တောင်သူသို့ ပေးအပ် မည့် လက်ကမ်းစာစောင်များ၊ ယင်းစိုက်ပျိုး နည်းအတွက် မိမိတို့သုတေသနမှ ထွက်ပေါ် လာသည့် သင့်လျော်သည့် စပါးမျိုးနှင့် ယင်းစိုက်ပျိုးနည်းဆောင်ရွက်ရာတွင် မရှိမဖြစ် လိုအပ်သည့် ပေါင်းတွန်းကိရိယာများနှင့် တက်ရောက်သူ တောင်သူလယ်သမားများ အတွက် ကျွေးမွေးစရိတ် ကုန်ကျငွေများ အတွက် ဒုတိယအကြိမ် စေတနာမျှဝေခြင်းကို ကျပ်သိန်း ၅၀ခန့် ရရှိဆောင်ရွက်ခဲ့ပါသည်။ မြို့မိ၊ မြို့ဖများနှင့် တက္ကသိုလ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်း လာရောက် လုပ်ကိုင်သူတို့ကပါ လှူဒါန်းပါဝင်ခဲ့ကြ ပါသည်။

တတိယအကြိမ် စေတနာမျှဝေခြင်းကို မိမိလက်ရှိ တာဝန်ထမ်းဆောင်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတွင် ဆောင်ရွက်ခဲ့ပါသည်။ တစ်ခုသောနေ့ရက် ပြည်သူ့လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များ မေးမြန်းမှု တစ်ခုကို ဖြေကြားအပြီး၊ ယခုနှစ်အတွင်း ဘဏ္ဍာငွေရရှိမှု မရှိသည့်အတွက် ဆောင်ရွက် ပေးနိုင်မှုမရှိကြောင်း ဖြေကြားအပြီး ဝန်ကြီး ဌာနအတွင်း ဆောင်ရွက်သည့် မျှဝေခြင်း အစီအစဉ်ကို မိတ်ဆက်မိသည်။ ယင်း စေတနာမျှဝေခြင်း အစီအစဉ်ဖြင့် ဆောင်ရွက် နိုင်ပါကြောင်းနှင့် လူတစ်ဦးချင်းစီ၏ လက်ဖက်ရည်ဖိုးမျှ ပါဝင်ခြင်း၊ လူအများ စုပေါင်းပါဝင်ခြင်းဖြင့် ဆောင်ရွက်သော အစီအစဉ်ကို တင်ပြခဲ့မိပါသည်။ လွှတ်တော် အမေးအဖြေတွင် အချိန်ကန့်သတ်ချက် ရှိပါသည်။ မေးခွန်းဖြေအပြီး ပြောရ သဖြင့် လိုရင်းကိုချုပ်၍ ပြောရသည်။ ယင်းနေ့သည် မိမိအတွက် အမှတ်ရစရာ နေ့တစ်နေ့ဖြစ်ခဲ့ပါသည်။

 

ညနေတွင် ပြည်ထောင်စုဝန်ကြီး (လယ်/ဆည်)က လွှတ်တော်တွင် လက်ဖက်ရည် တစ်ခွက် လျှော့သောက်ပါဟု ပြောကြောင်း သတင်းမှား တက်လာပါသည်။ အဆိုးထဲက အကောင်း ဖြစ်ပါသည်။ နောက်ရက် အမျိုးသား လွှတ်တော်သို့ တက်ရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်း မဖြေကြားမီ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ကြီးထံ ခွင့်ပန်၍ ဝန်ကြီးဌာန၏ မျှဝေခြင်းကို တင်ပြခွင့်ရခဲ့ပါသည်။ နောင်တွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌကြီး ကိုယ်တိုင်ပင် မျှဝေ ခြင်း အစီအစဉ်၏ ရေအလှူရှင်တစ်ဦး ဖြစ်ခဲ့ပါသည်။

စေတနာမျှဝေခြင်း

ဌာနတွင်း စတင်ဆောင်ရွက်ခဲ့သည့် စေတနာမျှဝေခြင်းအစီအစဉ်ပါ ဖော်ပြချက် မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

မျှဝေခြင်း

လုပ်ဖော်ကိုင်ဖက် ညီအစ်ကို မောင်နှမ ရောင်းရင်းများသို့ “မျှဝေခြင်း အစီအစဉ်လေး၏ ရည်ရွယ်ချက်ကို ရှင်းလင်း တင်ပြအပ်ပါတယ်။

မျှဝေခြင်း အစီအစဉ်၏ အဓိက ရည်ရွယ်ချက်မှာ မိမိ၏ ပိုလျှံသော/ အပို သုံးငွေများကို အမှန်တကယ် လိုအပ်ချက် ရှိနေသော သူများအတွက် မိမိတတ်စွမ်း သရွေ့ ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ပါ တယ်။ လူတစ်ဦး၏ အနည်းငယ်သော ငွေကြေးပါဝင်မှုနှင့် လူအများ၏ ပါဝင်မှု (mass participation) တို့ကို ပေါင်းစပ်၍ ဆောင်ရွက်သည့်နည်းပင် ဖြစ်ပါတယ်။

မျှဝေခြင်း အစီအစဉ်၏ ထည့်ဝင် လှူဒါန်းငွေဖြင့် ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်၊ လူမှုရေး လိုအပ်ချက်များ ဖြစ်သည့် ရေတွင်း၊ ရေကန်တူးဖော်ခြင်း စသည့် သောက်သုံးရေဆိုင်ရာ ကိစ္စရပ်များ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များကို တစ်တပ်တစ်အား ပါဝင်ကူညီဆောင်ရွက်မှာ ဖြစ်ပြီး ကမ္ဘာတွင် ရက်ရောမှု အရှိဆုံးအနေဖြင့် ရပ်တည်လျက် ရှိသော စိတ်သဘောကောင်းမြတ်ခြင်း (generosity) ဆိုသည့် မြန်မာ့ဂုဏ်ကို မြှင့်တင်ပြီး အမှန်တကယ် လိုအပ်သော နေရာများအတွက် ကူညီဆောင်ရွက်ပေး သွားဖို့ ဖြစ်ပါတယ်။

မျှဝေခြင်း အစီအစဉ်သို့ ထည့်ဝင် လှူဒါန်းမှုသည် မည်သည့်တွန်းအားပေးမှု မျှပါဝင်ခြင်းမရှိဘဲ မိမိတစ်ဦးချင်းစီ၏ စေတနာ သဒ္ဓါတရား ထက်သန်မှုအရသာ ဆုံးဖြတ်ထည့်ဝင်ကူညီပေးသည့် အစီအစဉ် တစ်ရပ် ဖြစ်ပါတယ်။ တစ်နှစ်တာကာလ အတွင်း တစ်ကြိမ်ခန့် မျှဝေခြင်းဖြင့်ပင် လိုအပ်ချက်ရှိသူများအတွက် အမှန်တကယ် အကျိုးများစေမှာဖြစ်တဲ့အတွက် မိမိဆန္ဒ နှင့်အညီ ပါဝင်ဆောင်ရွက်ဖို့ အသိပေးအပ် ပါတယ်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ဟု ဖြစ်ပါသည်။

မျှဝေခြင်းအစီအစဉ်အတွက် ပါဝင် လှူဒါန်းငွေများကို ကျန်းမာရေး၊ ပညာရေး နှင့် လူမှုရေးလိုအပ်မှုများအတွက် ဆောင်ရွက်ရာတွင် အောက်ပါအချက်များပေါ်တွင် အခြေခံ၍ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် ချမှတ်ခဲ့ပါသည်။ ယင်းအချက်များမှာ-

(က) အမှန်တကယ် လိုအပ်ချက် ရှိသော နေရာဖြစ်ခြင်း၊

(ခ) နိုင်ငံတော်ဘတ်ဂျက် ခွင့်ပြုငွေအရ လက်ရှိအခြေအနေတွင် ပါဝင်ခြင်းမရှိသော ကိစ္စရပ် ဖြစ်ပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် လိုအပ်ခြင်း၊

(ဂ) တစ်ဦး တစ်ယောက်အတွက် မဟုတ်ဘဲ အများအကျိုးကို ဖြစ်ထွန်းစေခြင်း၊

(ဃ) သဘာဝ ဘေးအန္တရာယ် ကျရောက်ပြီး ပြန်လည် ထူထောင်ရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသော နေရာဖြစ်ခြင်း၊

(င) ဘဝနေထိုင်ရေးအတွက် အမှန် တကယ်လိုအပ်သည့် ကိစ္စရပ် ဖြစ်ခြင်း၊

(စ) ဝန်ကြီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော စီမံချက်များ အကောင်အထည် ဖော်ရေးအတွက် အထောက်အပံ့ ဖြစ်စေခြင်းတို့ ဖြစ်ပါသည်။

စေတနာရေစီး၊ ကမ်းပြိုတဲ့ မျှဝေခြင်း

ဤသို့ဖြင့် စေတနာမျှဝေခြင်းသည် တောင်ငူတက္ကသိုလ်တွင် ဝန်ထမ်း ၄၀၀ ကျော်ဖြင့် စတင်ခဲ့သည့်အဆင့်မှ ဝန်ကြီးဌာန ဝန်ထမ်း ခြောက်သောင်းခန့်ဖြင့် ဆောင်ရွက် သည့်အဆင့်သို့ တက်လှမ်းခဲ့ပါသည်။ အလှူ ရှင်များ ဂုဏ်ပြုသည့်နေ့တွင် မိမိဝန်ကြီး ဌာနမှ ဝန်ထမ်းမိသားစုများ အပါအဝင် စေတနာရှင် အလှူရှင်များက လှူဒါန်းရန် စာရင်းပေးသွင်းခဲ့မှုများမှာ အားရဖွယ်ပင် ဖြစ်သည်။ ယင်းအတွက် စာရင်းချုပ်လှူဒါန်း ငွေပေါင်းမှာ ကျပ် ၁၃၇၅၇ ဒသမ ၀၅ သိန်း ဖြစ်ပါသည်။ ယင်းလှူဒါန်းငွေကို အသုံးပြု ပြီး လုပ်ငန်းပေါင်း ၁၀၆ ခုကို ဆောင်ရွက် နိုင်ခဲ့ပါသည်။ လုပ်ငန်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ပါဝင်စေရန် အစီအစဉ်များ ချမှတ်ဆောင်ရွက် ခဲ့ပါသည်။

ဘဏ္ဍာရေးဆိုင်ရာကိစ္စ အရှုပ်အရှင်း ကင်းစေရန် မိမိဝန်ကြီးဌာနမှ လှူဒါန်းငွေမှ တစ်ပါး သက်ဆိုင်ရာပုဂ္ဂိုလ်တို့၏ လှူဒါန်းမှု များကို အလှူရှင်မှ အလှူခံသည့် ကျေးလက် ပြည်သူများရှေ့မှောက်တွင် တိုက်ရိုက် ပေးချေသည့်စနစ်ကို အသုံးပြုစေခဲ့သည်။ ယင်းမတိုင်မီ ကြိုတင်အသုံးစရိတ်ကိုမူ ဌာနတွင်း ကောက်ခံရရှိငွေမှ စိုက်ထုတ်သုံးစွဲ ခဲ့ပါသည်။

ယနေ့အထိ ဆောင်ရွက်ပြီး လုပ်ငန်းအမျိုးအစားများ

၂၀၁၆ ခုနှစ်က စတင်ခဲ့သော စေတနာ မျှဝေခြင်း၏ လုပ်ငန်းအစုစုတို့မှာ သောက် သုံးရေစက်ရေတွင်း တူးဖော်ခြင်း၊ သောက် သုံးရေကန် ပြုပြင်ခြင်းနှင့် အသစ်တူးဖော် ခြင်း၊ သောက်ရေသန့်စက် လှူဒါန်းခြင်း၊ ရေစုကန်တည်ဆောက်ခြင်း၊ စိမ့်စမ်းရေ သွယ်ယူခြင်းနှင့် အုတ်ရေကန်တည်ဆောက် ခြင်း၊ သောက်သုံးရေကန်များအား နွေရာသီ ရေခန်းသက်သာစေရန် ဇာစိမ်းစဖုံးအုပ် ပေးခြင်း (ရသေ့တောင်မြို့နယ်)၊ သဘာဝ ဘေးဒဏ်ကြောင့် ပျက်စီးသွားသော လယ်မြေများအား ပြန်လည်ပြုပြင်ခြင်းနှင့် ရေပေးမြောင်း၊ ရေနုတ်မြောင်းများ တူးဖော် ပေးခြင်း၊ ဘောလုံးကွင်း တိုးချဲ့ပြုပြင်ခြင်း (ခိုင်ကမ်းမြို့)၊ သွပ်ဆူးကြိုးဖြင့် ခြံစည်းရိုး ကာရံခြင်း၊ လယ်ယာမြေအသစ် ဖော်ထုတ် ခြင်းနှင့် လယ်ထွန်စက်လှူဒါန်းခြင်း (နာဂ ဒေသ)၊ ကျေးရွာချင်းဆက်လမ်းနှင့် အဝင် လမ်းများပြုပြင်ခြင်း၊ လယ်သမားတာ ပြန်လည်ပြုပြင်ခြင်း၊ ဘုန်းကြီးကျောင်း အုတ်တံတိုင်းကာရံခြင်း၊ မူလတန်းကျောင်း ဆောင်သစ်နှင့် တက္ကသိုလ်ပန်းခြံများ တည်ဆောက်ပြုပြင်ခြင်း (ရန်ကုန်တက္ကသိုလ် ကံ့ကော်တောနှင့် ကံ့ကော်ဥယျာဉ်အပါအဝင်) တို့ ဖြစ်ပါသည်။

အလှူဒါနပြုကြသူများ

စေတနာမျှဝေခြင်း အစီအစဉ်တွင် ပါဝင်လှူဒါန်းသူများမှာ သာသနာ့ဝန်ထမ်း ဆရာတော်ကြီးများ၊ နိုင်ငံတော်အကြီးအကဲများ၊ လုပ်ငန်းရှင်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ယင်းတို့၏ မိသားစုများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဆရာ ဆရာမများ (လက်ရှိနှင့် အငြိမ်းစား ယူပြီးသူများ)၊ အရပ်ဘက်မှ တစ်ဦးချင်း အလှူရှင်များ စသည်တို့ဖြင့် အရောင်အသွေး စုံ ပါဝင်ခဲ့ပါသည်။ မိမိ၏သူငယ်ချင်း မိတ်ရင်း များဖြစ်သည့် အခြေခံသိပ္ပံပညာချွန်ဆုရ ကျောင်းသားဟောင်းများ အနေဖြင့်လည်း နှစ်စဉ်ပင်ပါဝင်လှူဒါန်းခဲ့ပါသည်။ လုပ်အား ဒါနနှင့် နည်းပညာအလှူရှင်များမှာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ဝန်ထမ်းများ အဓိကဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများလည်း လိုအပ်လျှင် လိုအပ်သလို အားဖြည့်ပါဝင်ခဲ့ပါသည်။ မိမိအနေဖြင့်မူ အလှူရှင်များစာရင်းတွင် မိမိ၏ နိုင်ငံသူ နိုင်ငံသားအားလုံး ပါဝင်ခဲ့သည်ဟုပင် ဆိုချင် ပါသည်။ အကြောင်းမှာ မိမိတို့လှူဒါန်းမှု အစုစုအတွက် ဆောင်ရွက်ရာတွင် အသုံးပြု သော လုပ်ငန်းသုံးပစ္စည်းများသည် ဝန်ကြီး ဌာနပိုင် စက်ယန္တရားများ ဖြစ်ပါသည်။ နိုင်ငံ တော်ပိုင်ပစ္စည်း ဖြစ်ပါသည်။ တို့ပြည်သူ အားလုံးပိုင်ဆိုင်သည့်ပစ္စည်း ဖြစ်ပါသည်။ မိမိတို့၏ ပင်မတာဝန်ကို ထမ်းဆောင်ရင်း နိုင်ငံတော်၏ ခွင့်ပြုငွေဘောင်အတွင်းမှ အကန့်အသတ်နှင့်သာ သုံးစွဲရသဖြင့် ကျန် လိုအပ်ချက်အစုစုကို စေတနာမျှဝေခြင်း အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ရာတွင် မြင်ရ မမြင်ရသော သက်ဆိုင်မှုများမှာ နိုင်ငံသူ နိုင်ငံသားအားလုံး ဖြစ်နေပါသည်။ အားလုံး သာဓုအနုမောဓနာ ခေါ်ယူကြစေလိုပါသည်။ ထူးခြားမှုတစ်ခုမှာ ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တောင်းဆို မှုဖြင့် မျှဝေခြင်းအစီအစဉ်ကို ဆောင်ရွက်စဉ် ကာလအတွင်းတွင် လှူဒါန်းမည့် စေတနာ အလှူရှင်အသစ်တစ်ဦး မကြာခဏ ထွက်ပေါ် နေခြင်းဖြစ်သည်။ ကမ္ဘာတွင် ရက်ရောမှု အရှိဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်သည့် သက်သေတစ်ခုအဖြစ် ဖော်ပြသည့် မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားတို့၏ ဂုဏ်ပြုအပ်သော စိတ်နေသဘောထား ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်က တစ်ကြိမ်မျှလှူဒါန်းခဲ့မှု အစုစုသည် လက်ရှိ အစိုးရသက်တမ်း ကုန်ဆုံးသည့်တိုင် သုံးမကုန်ဖြစ်ရပါသည်။ သို့ဖြစ်၍ မိမိအနေ ဖြင့် မိမိတို့နိုင်ငံသူ နိုင်ငံသားများ၏ စေတနာ ကို အောက်ပါကဗျာဖြင့် ဂုဏ်ပြုပြီး ကမ္ဘာ့ အရက်ရောဆုံးနိုင်ငံတွင် လူဖြစ်လာရမှုကို မိမိအနေဖြင့် အစဉ်ဂုဏ်ယူနေမိကြောင်း လေးစားစွာတင်ပြအပ်ပါသည်။

စေတနာမျှဝေခြင်း

သဲစေ့သဲပွင့်၊ စုသဖြင့်လျှင်

လှတင့်ကမ္ဘာ၊ ဖြစ်၍လာဟု

စဉ်သာရှေးထုံး၊ မှတ်ယူသုံး။

မူးစုပဲစု၊ တို့တွေစုပြီး

လူမှုဖြာဖြာ၊ တို့ပြည်သာဖို့

ပြည်ရွာအကျိုး၊ ရည်သယ်ပိုးလို့

တစ်မျိုးစိတ်ထား၊ သဒ္ဓါပွား။

နည်းများမဟူ၊ တို့တွေကူပြီး

စိတ်တူကိုယ်မျှ၊ တူတကွနှင့်

ဒါနကောင်းမှု၊ စဉ်ပေါင်းစုကာ

ရေကန်သာနှင့်၊ မကွာထပ်လောင်း

ကျောင်းတန်ဆောင်းနှင့်၊

ဆင့်ပေါင်းစုံလင်

တွင်း၊ ရေစင်နှင့်၊ ဘဝင်ကြည်နူး

စိတ်ရွှင်မြူးပြီး၊ ကြည်နူးလက်ခံ

သူတို့ဟန်ကို၊ မြင်ပြန်ကြုံရ

သည်ခဏဝယ်၊ ရင်ကလှိုက်လှဲ

ဖြစ်တုံခဲမို့၊ အမြဲပြုနိုင်

တောင်းဆုတိုင်သည်၊ စွဲခိုင်စိတ်ရင်း

ရင်တွင်းဖြစ်လာ၊ စေတနာ။ ။

မောင်ဇေယျ